
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁၄ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးပြီး အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “စလင်းမြို့နယ်ထဲမှာရှိတဲ့ ကူရင်းချောက်အုပ်စု၊ မကျီးကုန်းရွာကို စစ်တပ်ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲသွားတာပါ။ မိတ္ထီလာလေတပ်ဘက်က လာတာဖြစ်ပြီးတော့ ကြဲသွားတဲ့ဗုံးတွေက ပေါင် ၂၅၀ ဗုံးတွေလို့တော့ ယူဆရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ မကျီးကုန်းကျေးရွာကို မေ ၁၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ မိနစ်အနည်းငယ်ခြားပြီး ဗုံး ၂ လုံး ဆက်တိုက်ကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေအနီးမှာ တလုံးစီ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင် တဆောင်၊ သိမ်တလုံး၊ ကျေးရွာစာသင်ကျောင်းဆောင်တခု၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ တဆောင်၊ စာကြည့်တိုက်တခုနဲ့ လူနေအိမ် ၆ လုံးတို့ ပျက်စီးခဲ့ကြပြီး အသက် ၆၀ အရွယ် အမျိုးသမီးတယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စလင်း ပကဖ တာဝန်ခံ အမ်ဖိုးက “အဲဒီရွာက လူဦးရေ ၇၀၀ နီးပါးလောက် နေထိုင်ခဲ့ကြတဲ့ကျေးရွာပါ။ ဒါပေမဲ့ အဲဒီရွာတွေဘက်ကို စစ်တပ်စစ်ကြောင်း မကြာခဏ ဝင်တာတွေနဲ့ တိုက်ပွဲဖြစ်တာတွေကြောင့်မို့လို့ ရွာခံအများစုကတော့ ရွာထဲမှာ မနေရဲကြဘဲ ရွာကနေ ရှောင်နေကြတာ နှစ်ဝက်လောက်ရှိနေပြီ။ အခု စိုက်ချိန်ပျိုးချိန်ကာလမှာ ရွာခံတချို့ ရွာထဲပြန်လာပြီး စိုက်ပျိုးရေးကိစ္စတွေ ဆောင်ရွက်ကြတုန်း ဗုံးကြဲခံရတာ၊ တော်သေးလို့ ထိခိုက်ဒဏ်ရာရတဲ့သူ နည်းတာဗျ။ အခုဆိုရင် အရင်ကျန်နေခဲ့ကြတဲ့သူတွေတောင် ရွာထဲကနေ ထွက်ပြေးကုန်ကြပြီ” လို့ DVB ကို ပြောပါတယ်။
မေ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်က အဆိုပါကျေးရွာအုပ်စုထဲမှာရှိတဲ့ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းကို လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့ မကျီးကုန်းကျေးရွာနဲ့ ညောင်ပင်သာကျေးရွာတွေရဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲချ တိုက်ခိုက်ခဲ့လို့ စလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဆီကနေ သိရပါတယ်။