
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း ဖလမ်းပြည်သူတွေရဲ့ လူနေအိမ်တွေ ဖျက်ဆီးခံရတာနဲ့ ပစ္စည်းပျောက်ဆုံးခဲ့တာတွေအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က မေ ၁၄ ရက်မှာ ချင်းဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။
CNA ပြန်ကြားရေးအရာရှိတယောက်က “ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ ၅ လတာ ကာလမှာ တိုက်ပွဲတွေကြောင့်မို့လို့ ဖလမ်းမြို့ထဲက လူနေအိမ်တွေ၊ ဘုရားကျောင်းတွေ ပျက်စီးခဲ့တာကို မြင်တွေ့ရတာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိပါတယ်။ မြို့တွင်း ပြည်သူတွေရဲ့ အိမ်တွင်းပစ္စည်းတွေကို မကာကွယ်ပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း တောင်းပန်လိုပါတယ်” လို့ မြန်မာဘာသာ ပြန်ဆိုပေးပါတယ်။
မြို့သိမ်းတိုက်ပွဲ အောင်နိုင်ဖို့နဲ့ မြို့ကိုကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားနေရင်း ပြည်သူပိုင်အိမ်တွေ၊ ပစ္စည်းတွေကို စစ်သားတွေရဲ့ ဖျက်ဆီးခံရတာနဲ့ အိမ်တွင်းပစ္စည်းပျောက်တာတွေ ရှိခဲ့တဲ့အပေါ်မှာ အခုလို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ဖလမ်းမြို့ပေါ်မှာ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး တွေ့ရှိရတဲ့ ပစ္စည်းတချို့ကို ထိန်းသိမ်းထားကာ ပိုင်ရှင်အစစ်အမှန်တွေရဲ့ လက်ထဲကို ပြန်လည်ပေးအပ်နိုင်ဖို့ စီစဉ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စိတ်ရှည်ရှည်ထားပေးပြီး တော်လှန်ရေးရဲဘော်တွေရဲ့ မှားယွင်းချက်တွေနဲ့ လိုအပ်ချက်တွေ အပေါ်မှာလည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သူက ဆက်ပြောပါတယ်။
ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က စတင်ဖော်ဆောင်ခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်မှာတော့ ဖလမ်းမြို့ကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့ ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြကာ ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ကျဆုံးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။