
မန္တလေးတိုင်း၊ တံတားဦး၊ အမရပူရ၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ကျောက်ဆည်မြို့တို့မှာ ရွှေဆိုင်ဓားပြတိုက်မှု ၅ ကြိမ်၊ လုယက်မှု ၅ ကြိမ် ကျူးလွန်ခဲ့တဲ့ နေထက်လင်း ဦးဆောင်တဲ့ ၁၇ ယောက်ဂိုဏ်းကို ဖမ်းမိခဲ့ပေမဲ့ တိုက်ရာပါရွှေနဲ့ ငွေတွေ မရဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာ ဧပြီ ၂၈ ရက်က ရွှေဇာမဏီ ရွှေဆိုင်ဓားပြတိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ ရဲတွေက စုံစမ်းရာက မေ ၅ ရက်မှာ ခေါင်းဆောင်ဖြစ်သူ နေထက်လင်းကို ဖမ်းမိပြီးနောက် ကွင်းဆက်တရားခံ ၁၆ ယောက်ကို ဖမ်းမိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
“ခေါင်းဆောင်လင်မယားကို အရင်မိတယ်၊ သူတို့နှစ်ယောက်ရဲ့ ဖော်ချက်နဲ့ ကျန်တဲ့ ၁၅ ယောက်ကို မိတာ၊ ကား ၃ စီး နဲ့ လက်နက်တွေ ပြောက်ကျားအင်္ကျီတွေပဲ စစ်တပ်က ရှာဖွေပုံစံမှာ တင်ပေးတယ်။ ရွှေဆိုင် ၅ ဆိုင်က ဓားပြတိုက်ထားတဲ့ ရွှေတွေရော လုယက်မှုက ပိုက်ဆံတွေရော မရဘူးလို့ပြောပြီး မတင်ပေးဘူး။”
မန္တလေးတိုင်းမှာ ဓားပြတိုက် လုယက်နေတဲ့ ၁၇ ယောက် ဂိုဏ်းခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ ချမ်းမြသာစည်၊ အမရပူရ၊ စဥ့်ကိုင်၊ မင်းလှ၊ ဟုမ္မလင်း၊ နေပြည်တော်၊ မုံရွာမြို့တွေမှာ နေထိုင်ကြပြီး တံတားဦး၊ အမရပူရ၊ ကျောက်ဆည်၊ ချမ်းမြသာစည်၊ မဟာအောင်မြေမြို့အတွင်းမှာ ရွှေဆိုင်ဓားပြတိုက်မှု ၅ ကြိမ်၊ လုယက်မှု ၅ မှု ကျူးလွန်ခဲ့တာလို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၇ ယောက် ဂိုဏ်းခေါင်းဆောင် နေထက်လင်း၊ ညီညီလွင်၊ ကိုကိုလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ မျိုးကျော်၊ မင်းသက်နိုင်၊ မင်းသက်ကို၊ ဇာနည်ထွန်း၊ ဉာဏ်ထက်လင်း၊ မြင့်မိုး၊ ဖြူစွာမင်း၊ ဇော်မျိုးထက်၊ ကျော်သီဟ၊ နေမင်းအောင်၊ မေမီမီကိုနဲ့ မသန်းသန်းစိုး တို့ကို ပစ္စတိုသေနတ် ၄ လက်၊ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ ပြောက်ကျားဝတ်စုံ ၄ စုံနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ ခေါင်းဆောင် နေထက်လင်းပါ ၁၇ ယောက်ဂိုဏ်းကို တိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။