Home
မြန်မာသတင်း
မြဝတီခရိုင်၌ စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းဘက် ထွက်ပြေးတိမ်းရှောင်
DVB
·
May 15, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မောကဝီးလေး စစ်ကောင်စီတပ်စခန်းကို   KNLA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်တဲ့အတွက် ဒေသခံ ၄၀၀ ကျော် နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေကြရပါတယ်။ 

မောကဝီးလေးတပ်စခန်းဟာ  မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်နဲ့  ၁ ကီလိုမီတာလောက် အကွာမှာ ရှိတာဖြစ်ပြီး   မေ ၁၅ ရက်နေ့တိုက်ပွဲကြောင်း မြန်မာနိုင်ငံသား  ၄၁၄ ယောက်   နယ်စပ်ဖြတ်ကျော် ခိုလှုံလာတယ်လို့  ထိုင်းစစ်တပ်ကနေ သိရပါတယ်။

စခန်းအနီးမှာ တောင်ယာလုပ်စားနေတဲ့သူ အများစုနေထိုင်တဲ့ ကျေးရွာ  ၅ ရွာလောက် ရွာသားတွေဟာ  တိုက်ပွဲကနေ သေနတ်သံ လက်နက်ကြီးပစ်ခတ်သံနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် ထိုင်းဘက်ကိုထွက်ပြေးခိုလှုံခဲ့ရတာလို့  စစ်ရှောင်ရွာသားတွေက ပြောပါတယ်။ 

ဒါ့အပြင် တပ်မဟာ ၁ မှ ၇ အထိ KNU နယ်မြေအတွင်းရှိ   စစ်ကောင်စီတပ်တွေ  ပြန်ဆုတ်ခွာသွားကြဖို့နဲ့  စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ အုပ်ချုပ်ရေး အပါအဝင် တာဝန်တွေ ကနေရပ်စဲပြီး  နေရပ်ကို ပြန်လည်ဆုတ်ခွာဖို့ သတိပေးကြေညာထားကြောင်းနဲ့ စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲသွားမယ်လို့  KNU သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ရှောင်မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းစစ်တပ်က  လူသားချင်းစာနာမှုနဲ့  အပြည့်အဝ စောင့်ရှောက်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024