DVB Logo
Home
မြန်မာသတင်း
တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ကတိအတိုင်း လက်တွေ့ လုပ်ဆောင်ပေးမှု မရှိသေး
DVB
·
November 11, 2014
တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ကတိအတိုင်း လက်တွေ့ လုပ်ဆောင်ပေးမှု မရှိသေး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီစီ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက လျှပ်စစ်မီတာပုံးတွေ အခမဲ့တပ်ဆင်ပေးမယ်လို့ ကတိပေးထားပေမယ့် လက်တွေ့ အကောင်အထည် ဖော်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_28181" align="alignright" width="329"]ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ပိုက်လိုင်း[/caption]

မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီက စက်ရုံနဲ့ပိုက်လိုင်းတွေ တည်ဆောက်ပြီးတဲ့ နောက် ဒေသခံတွေနစ်နာမှုအတွက် လျော်ကြေးအနေနဲ့ တရွာလုံးကို လျှပ်စစ်မီတာ ပုံးတွေ အခမဲ့တပ်ဆင်ပေးမယ်၊ ရွာလမ်းကိုပြင်ပေးမယ်လို့ ကတိပေးခဲ့ပြီး လက်တွေ့ အကောင်အထည် မဖော်သေးဘူးလို့ မဒေးကျွန်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လုပ်ပေးမယ်လို့ ပြောထားတာ ၁ လကျော် ၂ လနီးပါးရှိပြီ။ ဘာမှ အကောင်အထည် ဖော်တာ မတွေ့ရဘူး။ သွားမေးတဲ့အခါကျတော့ ကျနော်တို့ကို လာပြီး ကတိပေးသွားတဲ့ အရာရှိက ပြောင်းသွားပြီတဲ့ခင်ဗျ။ အသစ်လာတဲ့အရာရှိက ဘာမှမသိသလို လုပ်နေတယ်။ အဲဒါကြောင့် နည်းနည်း ထပ်စောင့်ကြည့်မယ်။ လာမယ့် ၁၈ ရက်နေ့ ကျနော်တို့ အစည်းအဝေး လုပ်မယ်။ ကုမ္ပဏီက ဘာမှလုပ်မပေးဘူး ဆိုရင်တော့ နောက်ထပ် ဆန္ဒပြရမှာဘဲ။ ဒီစီမံကိန်း ကြောင့် ကျနော်တို့မှာ ပြဿ နာက အမျိုးမျိုးတက်နေတာ။”

ကုမ္ပဏီက သူတို့ပေးထားတဲ့ကတိကို အကောင်အထည်ဖော်တာ ဘာမှမရှိသေးတဲ့ အပြင် ငါးဖမ်းစားကျက်ထဲမှာ ရေနံတင်သင်္ဘောတွေဝင်လာမယ့် လမ်းကြောင်း အမှတ်အသားတွေ လာစိုက်ထားတဲ့အတွက် ငါးဖမ်းပိုက်တွေ ပျက်စီးရပြန်တယ်လို့ ဒေသခံကပြောပါတယ်။

“သင်္ဘောလမ်းကြောင်းပြ အမှတ် ၄၀ နဲ့ ၄၁ က ကျနော်တို့ ငါးဖမ်းနေတဲ့အကွက်ထဲကို လာစိုက်ထားတယ်ဗျ၊၊ ၂ ပတ်ကျော်ရှိပြီ။ ကျနော်တို့ ငါးဖမ်းလှေ ၁၀ စီးက ပိုက်တွေ အဲဒီတိုင်အောက်က ကြိုးတွေနဲ့ ညှိပြီး ပျက်စီးကုန်တယ်။ တန်ဖိုးရှိတဲ့ ကက္ကူရံငါးတွေက အဲဒီလဆုတ်ပိုင်းမှ တက်လာတာလေ။ ၁ ကောင်ဆိုရင် ၂ သိန်း ၃ သိန်း တန်ဖိုးရှိတာ၊ အဲဒီလို ပိုက်တွေ ပျက်စီးတော့ နစ်နာတာပေါ့။ ဒီအချိန်လေးဘဲ မြက်မြက်ကလေး ရတာ။”

မဒေးကျွန်းမှာ အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြကာ သူတို့ စိုက်ပျိုးစားကျက်မြေတွေ ရေနံပိုက်လိုင်းဖောက်လုပ်မှုကြောင့် ပျက်စီးခဲ့ ရတာပါ။

ရွာသားတွေဘက်က လျှပ်စစ်မီးရရှိရေး၊ အသိမ်းခံရတဲ့မြေတွေ ထိုက်သင့်တဲ့ လျော်ကြေး ပြန်ရရေး၊ ရွာလယ်လမ်းမကြီးကို ကွန်ကရစ်ခင်းပေးဖို့၊ ပျက်စီးနေတဲ့ စိုက်ပျိုးမြေကို ပြုပြင်ပေးဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ စတဲ့အချက်ပေါင်း ၅ ချက်ကို ဆောင်ရွက်ပေးဖို့ စီအန်ပီစီကုမ္ပဏီနဲ့တကွ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တောင်းဆိုထားပါတယ်။

အဲဒီ တောင်းဆိုချက်တွေထဲက ရွာလမ်းမကို ကွန်ကရစ်လမ်းခင်းပေးပြီး အိမ်ခြေပေါင်း ၅၀၀ ကျော်ကို လျှပ်စစ်မီတာအိုး အခမဲ့တပ်ဆင်ပေးမယ့်အကြောင်း ကုမ္ပဏီက စက်တင်ဘာလ ၂၂ ရက်နေ့မှာ နှုတ်ကတိပြုထားတာ ဖြစ်ပါတယ်။

အဲဒီ ပြဿ နာကိုလည်း သက်ဆိုင်ရာကို တိုင်ကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနက လာရောက် စစ်ဆေး သွားပေမယ့် ဘာမှဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ မဒေးကျွန်းဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအဲန်ပီစီကုမ္ပဏီဘက်က သဘောထာားကို သိရှိဖို့ ကုမ္ပဏီနဲ့ ရွာသားတွေကြား ဆက်သွယ်ညှိနှိုင်းပေးနေတဲ့ မဒေးကျွန်းက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဌာနကို မေးမြန်းရာမှာတော့ တာဝန်ယူဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။

မဒေးကျွန်းရွာသားတွေဟာ သူတို့ လိုလားချက်တွေအတွက် ၂၀၁၃ ခုနှစ်ကလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဦးထွန်းကြည် အပါအ၀င် ဆန္ဒပြခေါင်းဆောင် ၁၀ ဦး ထောင်ဒဏ် ၃ လ ကျခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013