DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
May 15, 2025
အင်းတော်တွင် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁၂ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာခံပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြသူတွေလည်း ရှိသလို စာသင်ဆောင်နဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ Indaw Revolution IR အဖွဲ့ဆီကနေ သိရပါတယ်။

Indaw Revolution IR အဖွဲ့ရဲ့ တာဝန်ရှိသူက “အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ဟဲန္နကျေးရွာ မူလွန်ကျောင်းကို ပစ်မှတ်ထားပြီး တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၃ လုံး ကြဲတယ်။ ရော့ကက်တွေနဲ့လည်း ထပ်ပစ်သွားပါသေးတယ်” လို့ ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟဲန္နကျေးရွာက အမျိုးသား ၂ ယောက် သေဆုံးခဲ့သလို ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဧပြီ ၈ ရက်မှာ အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း အင်းတော်မြို့နယ် ပြည်သူတွေနဲ့ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “စစ်တပ်ဘက်က ကြွက်မနိုင် ကျီမီးနဲ့ရှို့ ဆိုသလို မြေပြင်မှာ အရှုံးကြီးရှုံးတိုင်း ပြည်သူအပါအဝင် အများနဲ့သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအနေနဲ့ အခုလို ပြည်သူကို ဦးတည်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချတာတွေ၊ ကန့်ကွက်တာတွေ ဆိုတဲ့စာတွေ ထုတ်ပြန်ပြောဆိုနေတာထက် တကယ် လက်တွေ့ကျတဲ့ တရားစီရင်ရေးကဏ္ဍ အမြန်ဆုံး ပေါ်ပေါက်လာဖို့ အရေးတကြီး ဆောင်ရွက်သင့်နေပြီလို့ မြင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နေ့လယ်ပိုင်းကလည်း အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး ထီးချိုင့်နယ်အစပ်နားက စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့လို့ ကျောင်းဆောင်တွေ ပျက်စီးသွားခဲ့သလို စက်လတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူတချို့ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့လည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ သေဆုံးနေရတဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို အမြန်ဆုံး အပြစ်ပေး အရေးယူပေးဖို့ လိုလားနေကြတယ်လို့လည်း ဒေသခံပြည်သူတွက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတူးတာ စတဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့နဲ့ လေယာဉ်သံကြားပါကလည်း ဗုံးခိုကျင်းတွေထဲကို ဝင်ရောက် ပုန်းခိုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013