DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် လေကြောင်း ၉၁ ကြိမ်တိုက်ခိုက်၊ သေဆုံးသူ ၉၀ ရှိ
DVB
·
May 14, 2025
တတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် လေကြောင်း ၉၁ ကြိမ်တိုက်ခိုက်၊ သေဆုံးသူ ၉၀ ရှိ
Donate to DVB

ငလျင်ဘေးကြုံနေရတာကြောင့်  စစ်ကောင်စီက တတိယအကြိမ် အပစ်အခတ်ရပ်ကြောင်း ကြေညာထားပေမဲ့ ကြေညာပြီးရက်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၉၁ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးသူ အယောက် ၉၀ ထက်မနည်း ရှိခဲ့ပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်အပြီးနောက်ပိုင်း ၃ ကြိမ်အထိ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာထားပေမဲ့ မြေပြင်မှာ ထိုးစစ်တွေ၊ လက်နက်ကြီးပစ်ခတ်မှုနဲ့အတူ အရပ်သားဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။

တတိယအကြိမ် အပစ်အခတ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း မေ ၆ ရက်ကနေ ၁၃ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၁ ကြိမ် ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ အယောက် ၉၀ နဲ့ ဒဏ်ရာရသူ ၂၃၅ ယောက်အထိ ရှိခဲ့ကြောင်း DVB Data အဖွဲ့က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒီအထဲမှာ ၅ ယောက်အထက် အစုလိုက် အပြုံလိုက် သေဆုံးမှု ၅ ကြိမ်အထိ ရှိခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း၊ အိုးတိန်တွင်း (မြောက်) ရွာက ကျေးရွာစာသင်ကျောင်းကို မေ ၁၂ ရက် မနက်ပိုင်းမှာ ဗုံးကြဲတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လေတပ် CDM ကိုဇေယျက “ကျနော်တို့က တပ်ထဲမှာနေခဲ့တော့ ပိုသိတယ်။ ပြည်သူရယ်လို့ သဘောမထားဘူး။ အရပ်သား၊ အရပ်သားလို့ပဲပြောတာ သူတို့က။ သူတို့စိတ်ထဲမှာ ပြည်သူလို့ မြင်ထားတာ မဟုတ်ဘူး။ အဲတော့ အခုနက ဒီတိုက်ခိုက်မှုတွေဆိုတာလည်း ရည်ရွယ်ချက်ရှိရှိကို လုပ်တာဗျာ။ အမှန်တိုင်းပြောရင် သင်္ကြန်ကာလထဲမှာ သတိထားမိသလား မသိဘူး။ ဘုန်းကြီးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ကြဲတယ်။ ဥပုသ်တွေ စောင့်ကြမယ်ဆိုတာ သူတို့သိတယ်။ သိသိကို တမင်ကိုလုပ်တာ။ ဒီပြည်သူတွေကို ပြင်းပြင်းထန်ထန်ကို ဖိအားပေးပြီးတော့ ဒီပြည်သူတွေ ကိုယ်တိုင်ကကို စစ်ပွဲရပ်ပါ၊ တောင်းဆို ဟိုဟာပေါ့နော် ညှိနှိုင်းကြပါဆိုတဲ့ လမ်းကြောင်းပေါ် မသွားသွားအောင် လုပ်နေတယ်လို့တောင် ကျနော်ကတော့ မြင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ငလျင်လှုပ်အပြီး တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက အပစ်ရပ်ကြောင်း ကြေညာထားတာကြောင့် နိုင်ငံတကာဖိအားတွေရှိလာတဲ့ စစ်တပ်ဟာ ဒါတွေကိုရှောင်လွှဲဖို့ သက်သက် စာရွက်ပေါ်မှာ ယာယီအပစ်ရပ်ခဲ့တာလို့ ကိုဇေယျက ဆက်ပြောပါတယ်။

တဖက်မှာလည်း အိုးတိန်တွင်းရွာကို ဗုံးကြဲအပြီး မေ ၁၃ ရက်မှာပဲ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ထွန်းရဝေရွာဟောင်းကို လေကြောင်းတိုက်ခိုက်တာကြောင့် အနည်းဆုံး ပြည်သူ ၁၃ ယောက် သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “အဲတော့ ဒီပဲယင်းကိစ္စ အပါအဝင် ကလေးတွေ အများဆုံးရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်ခြင်းက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ထပ်မံချိုးဖောက်ခြင်းပါပဲ။ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်တဲ့အတွက် ရာဇဝတ်ကျူးလွန်တဲ့သူတွေက ရှောင်ပြေးလို့မရပါဘူး။ ဖျောက်ဖျက်ပစ်လို့လည်း မရပါဘူး။ မေ့ပျောက်ပစ်လို့လည်း မရပါဘူး။ တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာခုံရုံးဖြစ်စေ၊ နိုင်ငံအလိုက်ခုံရုံးတွေမှာ တရားစွဲဆိုမှုတွေ ဖြစ်ပေါ်အောင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေထဲမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို မတိုက်ခိုက်ရတဲ့အပြင် အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးရမယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပေမဲ့ စစ်ကောင်စီတပ်က အာဏာသိမ်း ၄ နှစ်ကျော်ထဲမှာ စာသင်ကျောင်း ၃၃၃ ကျောင်းကို တိုက်ခိုက်ခဲ့ပါတယ်။

ဒ့ါအပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုတွေ မပါဝင်ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ယောက်အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုကတော့ အခုရက်ပိုင်းမှာတင် ၅ ကြိမ်အထက်ရှိခဲ့တာ တွေ့ရပါတယ်။

မေ ၈ ရက်ကနေ ၁၃ ရက်အထိ ဗန်းမော်၊ စဉ့်ကူး၊ ဝက်လက်၊ ဒီပဲယင်းနဲ့ ရသေ့တောင် မြို့နယ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ ၆၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ၂၀ ရက်အထိ တကြိမ်၊ ဧပြီ ၂၁ ရက်ကနေ ၃၀ အထိ တကြိမ်၊ အခုမေလထဲမှာတော့ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ်ကြောင်း ၃ ကြိမ်ထိ သက်တမ်းတိုး ကြေညာထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013