
အစ္စရေးက ဒီဇိုင်းထုတ်ပြီး အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဂါဇာကမ်းမြောင်ဒေသအတွင်း အကူအညီတွေ ဖြန့်ဖြူးရေး အစီအစဉ်ဟာ ပါလက်စတိုင်းတို့အပေါ် နောက်ထပ်အကြမ်းဖက်မှုနဲ့ အိုးအိမ်စွန့်ခွာရမှုတွေကို အရှက်ပြေ ဖုံးကွယ်ဖို့ တမင်သက်သက် အာရုံလွှဲတဲ့ အတ္တဆန်တဲ့ လုပ်ပွဲသက်သက်ပဲလို့ ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာက မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
မတ် ၂ ရက် ကတည်းက ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေ မပေးသေးလို့ လူတသန်းခွဲဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့က သတိပေးထားပါတယ်။
အကူအညီတွေကို ဟားမတ်စ်တွေက ခိုးယူတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဟားမတ်စ်အဖွဲ့က စွဲချက်ကို ငြင်းဆိုထားပါတယ်။
ကျန်တဲ့ ဓားစာခံအားလုံးကို ဟားမတ်စ်က မလွှတ်ပေးမီအထိ အကူအညီ ပို့ဆောင်မှုတွေကို အစ္စရေးက ပိတ်ပင်ထားပါတယ်။
ဖလက်ချာက “ကျနော်တို့ဆီမှာ အကူအညီတွေကို အရပ်သားတွေဆီကိုပဲ ရောက်ပြီး ဟားမတ်စ်တွေဆီ မရောက်စေဖို့ တင်းကျပ်တဲ့ လုပ်ငန်းစဉ် ယန္တရားတွေ ရှိပါတယ်။ ဒါပေမဲ့ အစ္စရေးက ကျနော်တို့ ဝင်ရောက်ခွင့်ကို ငြင်းပြီး အရပ်သားတွေ အသက်မသေမီ ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ လျော့ကျစေမယ့် ရည်ရွယ်ချက်ကို ထားနေတယ်” လို့ ပြောပါတယ်။
အစ္စရေးရဲ့ တိုးချဲ့ထိုးစစ် စတာနဲ့ တပြိုင်နက် ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ ပုဂ္ဂလိက ကုမ္ပဏီတွေက အကူအညီတွေ ပေးမယ်လို့ အစ္စရေးက ပြီးခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဟာ အစ္စရေးအာဏာပိုင်တွေနဲ့ အကြိမ်တဒါဇင်ကျော် တွေ့ဆုံခဲ့ပြီး အလုပ်ဖြစ်မယ့် နည်းလမ်းကို ရှာဖို့ သူတို့အဆိုပြုထားတဲ့ အကူအညီတွေ ဖြန့်ဖြူးမှုပုံစံကို ဆွေးနွေးခဲ့တယ်လို့ ဖလက်ချာက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ပါဝင်ပတ်သက်မှုအတွက် လိုအပ်တဲ့ အနိမ့်ဆုံး အခြေအနေတွေကို အလေးပေး ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။
လိုအပ်နေတဲ့ နေရာတိုင်းမှာ လိုအပ်နေသူ အားလုံးကို အကူအညီတွေ ပေးအပ်နိုင်ရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဒန်နီဒန်နွန်က “ပျက်စီးသွားတဲ့ စနစ်ဟောင်းကို ကျနော်တို့က ဆက်ရှိခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
“တာဝန်ခံမှု အခြေခံတဲ့ ယန္တရားအသစ်ကို တည်ဆောက်ရေး ကြိုးပမ်းချက်တွေကို ကျနော်တို့ ကျေးဇူးတင်ပါတယ်” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
Source: Reuters