DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများခဲ့သည့် ဥရုဂွေးသမ္မတဟောင်း မူဟီကာ ကွယ်လွန်
DVB
·
May 14, 2025
ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများခဲ့သည့် ဥရုဂွေးသမ္မတဟောင်း မူဟီကာ ကွယ်လွန်
Donate to DVB

“ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ” အဖြစ် လူသိများခဲ့တဲ့ ဥရုဂွေးသမ္မတဟောင်း ဟိုဆေး မူဟီကာ (José Mujica) ဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အခုလိုမျိုး သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရသေးပေမဲ့လည်း “ပေပေ” (Pepe) လို့ သိထားကြတဲ့ ဒီနိုင်ငံရေးသမားကြီးက အစာပြွန်ကင်ဆာ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်ခဲ့ရသူပါ။

၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ မူဟီကာဟာ မြို့ပြသူပုန်ဟောင်း တယောက်ဖြစ်ပြီး သူ့ရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံကြောင့် အများလေးစားခံခဲ့ရသူ ဖြစ်ပါတယ်။

မူဟီကာရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတ ယာမန်ဒူ အော်ဆီ (Yamandú Orsi) ကတော့ “ကျနော်တို့ကို ပေးဆပ်ခဲ့သမျှနဲ့ ပြည်သူတွေအပေါ် ထားရှိခဲ့တဲ့ နက်ရှိုင်းသော မေတ္တာအတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အဲဒီသမ္မတဟောင်းရဲ့  ရိုးရိုးကုပ်ကုပ် နေထိုင်ဖြတ်သန်းမှု အပါအဝင် စားသုံးသူဝါဒအပေါ် ဝေဖန်ခဲ့တဲ့အမြင်နဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လက်တင်အမေရိကမှာ သာမက တကမ္ဘာလုံးမှာပါ ထင်ရှားတဲ့ နိုင်ငံရေးပြယုဂ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ဒီဇင်ဘာလမှာ မူဟီကာ သမ္မတသက်တမ်းအတွင်း ဥရုဂွေးက ဆေးခြောက်ကို အပန်းဖြေဖို့ တရားဝင်သုံးခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လူဦးရေ ၃ ဒသမ ၄ သန်းသာရှိတဲ့ ဥရုဂွေးလိုမျိုး နိုင်ငံငယ်လေးက သမ္မတတယောက်ကို တကမ္ဘာလုံး သိနေတာဟာ တခြား ဒေသတွင်းခေါင်းဆောင်တွေနဲ့ မတူဘဲ ထူးခြားတဲ့အချက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မူဟီကာ လက်ထက်မှာ အငြင်းပွားစရာကိစ္စရပ်တချို့ ပေါ်ပေါက်ခဲ့ပေမဲ့လည်း အကျင့်ပျက် ခြစားတာ ဒါမှမဟုတ် ဒီမိုကရေစီစနစ် အားနည်းအောင် လုပ်ဆောင်တယ် ဆိုတဲ့ စွပ်စွဲချက်မျိုး လုံးဝမရှိခဲ့ပါဘူး။

၁၉၆၀ ပြည့်နှစ်တွေမှာ လက်ဝဲယိမ်းသူပုန်အဖွဲ့ဖြစ်တဲ့ တူပါမားရို့စ် (Tupamaros) အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု MLN-T အဖွဲ့ ထူထောင်ရာမှာ ပါဝင်ခဲ့ပေမဲ့လည်း မူဟီကာ အနေနဲ့ လူသတ်မှုကျူးလွန်ခဲ့တာမျိုး မရှိဘူးဆိုပြီး အခိုင်အမာ ပြောထားပါတယ်။

ဒီတော်လှန်ရေးကာလအတွင်း မူဟီကာဟာ ၄ ကြိမ် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ကနေ ၂  ကြိမ် လွတ်မြောက်ခဲ့ဖူးကာ ထောင်ထဲမှာ ၁၄ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရပါတယ်။

အဲဒီနောက် မူဟီကာဟာ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ ဥပဒေပြုအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်အတွင်း ဖရန်တီ အမ်ပလီယို (Frente Amplio) လက်ဝဲယိမ်း ညွန့်ပေါင်းအုပ်စုရဲ့ ပထမဆုံး အစိုးရအဖွဲ့မှာ ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

၂၀၁၀ အရောက်မှာ ဥရုဂွေးသမ္မတ ဖြစ်လာခဲ့ပြီးနောက် မူဟီကာရဲ့ အစိုးရသက်တမ်းအတွင်း နိုင်ငံ့စီးပွားရေးဟာ နှစ်စဉ်ပျမ်းမျှ ၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ တိုးတက်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်း လျှော့ချနိုင်ခဲ့တဲ့အပြင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းပါ နည်းပါးခဲ့ပါတယ်။

မူဟီကာရဲ့ သက်တမ်းတလျှောက် တခြား နိုင်ငံ့ခေါင်းဆောင်တွေလိုမျိုး သမ္မတအိမ်တော်မှာ မနေဘဲ ဇနီးဖြစ်သူနဲ့အတူ ကိုယ်ပိုင်အိမ်မှာသာ နေထိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒါကြောင့် “အဆင်းရဲဆုံးသမ္မတ” ဆိုတဲ့ဂုဏ်ပုဒ်ကို မူဟီကာက အမြဲတစေ ငြင်းဆန်ခဲ့ပါတယ်။

“ဆင်းရဲတယ်ဆိုတာ ပိုပြီးလိုချင်သူတွေ အတွက်ပါ။ ဘာကြောင့်လဲဆိုတော့ အတောမသတ်နိုင်ဘဲ အဆုံးမရှိတဲ့ ပြိုင်ပွဲတခုမှာ သူတို့ရောက်နေလို့ပါ” ဆိုပြီး ဥရုဂွေးသမ္မတဟောင်းက မှတ်ချက်ပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013