
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ ရွာသား ၂၄ ယောက်အထဲက အမျိုးသမီး ၁၁ ယောက် မေ ၁၂ ရက် နေ့လယ်ပိုင်းမှာ ပြန်လွတ်မြောက်လာကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါအခြေစိုက် PDF တပ်ဖွဲ့ဝင်တယောက်က “ဖမ်းသွားတာက ၂၄ ယောက်ပါ။ အဲဒီထဲကနေ အမျိုးသမီး ၁၁ ယောက် ပြန်လွတ်လာတယ်။ နှိပ်စက်ခံထားရတဲ့ လက္ခဏာတော့ မတွေ့ရဘူး။ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ကျန်သေးတယ်။ ကျန်နေခဲ့တဲ့ အမျိုးသားတွေထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၄ ယောက် ပါတယ်။ သူတို့ကို ဂန့်ဂေါ အမတ ၃၇၁ ကနေ ခလရ ၅၀ ထဲကို ဆက်ခေါ်သွားတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
မေ ၁၂ ရက် မနက်စော ၂ နာရီဝန်းကျင်မှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ ကနေ အင်အား ၁၀၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လယ်မကျေးရွာ စာသင်ကျောင်းအနီးက ရပ်ကျေးပကဖစခန်းကို ဝင်စီးပြီး ကျေးရွာပကဖ တပ်ဖွဲ့၀င် ၇ ယောက်အပြင် ညအိပ်လာကြတဲ့ ကျောင်းသား ၄ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းသွားကာ ရွာခံတွေဖြစ်တဲ့ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ကိုလည်း ဖမ်းခေါ်သွားခဲ့ကြတာလို့ ဆိုပါတယ်။
ဂန့်ဂေါခရိုင် ပကဖ တာဝန်ရှိသူက “လယ်မရွာမှာ လူဦးရေ ၁,၀၀၀ လျော့လျော့ နေထိုင်ကြပါတယ်။ ၄ ပုံ ၃ ပုံလောက်ကတော့ ရွာ့အပြင်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
ရပ်ကျေးပကဖစခန်းနားမှာ သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ကျေးရွာအတွင်း ကျန်နေခဲ့ကြသူတွေက မေ ၁၂ ရက် ညနေခင်းမှာပဲ နေ့ချင်းပြီး မီးသင်္ဂြိုဟ်ပေးလိုက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာခံတွေကတော့ စစ်ကြောင်း နောက်တကြိမ် ဝင်ရောက်လာမှာ စိုးရိမ်ကြတဲ့အတွက် ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြခြင်း မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
လယ်မကျေးရွာရဲ့ ရပ်ကျေးပကဖစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေဟာ ရပ်ကျေး ပကဖ တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရဲဘော်နေလင်းဦး၊ ရဲဘော်ကျော်မြတ်သူ၊ ရဲဘော်ညီလေး၊ ရဲဘော်အောင်ကြည်မင်း၊ ရဲဘော်ဂျွန်ကိုဝင်း၊ ရဲဘော်သက်ပိုင်ဦးနဲ့ ကျော်စန်းခိုင် တို့အပြင် ကျောင်းသားတွေဖြစ်ကြတဲ့ ၇ တန်းကျောင်းသား မောင်လျှံထွန်း၊ ၈ တန်းကျောင်းသား မောင်မှိုင်းဝေ၊ ၉ တန်းကျောင်းသား မောင်မျိုးသီဟနဲ့ မောင်သီဟလင်းတို့ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။