
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ မေ ၁၄ ရက် မနက် ၇ နာရီ ၁၄ မိနစ်က ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဆီ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကန်နီရွာအနီး ဒေသခံတယောက်က “တိုက်ပွဲဖြစ်တဲ့ အသံတွေကတော့ ကန်နီရွာ အရှေ့ဘက်က ကြားရတာပဲ။ နှစ်ဖက်ပစ်တဲ့ အသံကတော့ သိပ်မကြားလိုက်ဘူး။ ဘာတွေဖြစ်လာဦးမလဲတော့ မသိရဘူး။ ကိုယ့်အထုပ်ကိုယ် ပြင်ထားရတယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး၊ လက်နက်ကြီးတွေနဲ့ စစ်တပ်ဘက်က ပြန်ပစ်တဲ့အသံတွေ ထပ်ကြားရတယ်” လို့ ပြောပါတယ်။
ကန်နီရွာဟာ စစ်တပ်ထာက်ခံတဲ့ ကျေးရွာတရွာဖြစ်သလို စစ်တပ်စခန်းချပြီး လုံခြုံရေး ယူပေးနေတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဗစ်တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက “တိုက်ပွဲက ကျနော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဖြစ်တာဗျ။ သူတို့က ရိက္ခာလုဖို့ ကန်နီပျူရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတာကို ကျနော်တို့အဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တာပါ။ သူတို့ ရိက္ခာပြတ်နေတာ ကြာနေပြီ။ ဒီကောင်တွေက ရွာအတွင်းထဲ ငတ်နေကြပြီ။ ရွာထဲက ပြည်သူတွေ အနေနဲ့လည်း ရွာအတွင်းမှာ မနေကြဘဲ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းပေးပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာက စစ်ကောင်စီဘက်က တယောက်သေဆုံးပြီး တယောက် ဒဏ်ရာ ပြင်းထန်ရ ထားကာ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ပွဲကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂ နဲ့ အညာမြေ ပြောက်ကျားတပ်ဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။