
အမေရိကန်ပြည်ထောင်စုက ဖန်တာနဲလ် ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံမှာ တာဝန်မရှိဘဲ အမေရိကန်ကိုယ်တိုင်မှာသာ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဖန်တာနဲလ်ဟာ မော်ဖင်းထက် အဆ ၁၀၀ ကျော် ပြင်းထန်ပြီး ဘိန်းထက် အဆ ၅၀ ကျော် အားပြင်းတဲ့ အကိုက်အခဲပျောက်ဆေးပါ။
ဖန်တာနဲလ်ဆေးတွေ အမေရိကန်နိုင်ငံထဲ ဝင်လာတာကို မတားလို့ တရုတ်ပြည်မကြီး အစိုးရအပေါ် အခွန်စည်းကြပ်တယ်ဆိုတဲ့ အချက်ကို ပယ်ချခဲ့ပါတယ်။
ဖန်တာနဲလ်ဟာ တရုတ်ရဲ့ပြဿနာ မဟုတ်ဘဲ အမေရိကန်ရဲ့ ပြဿနာဖြစ်ကြောင်း တရုတ်က ထပ်ခါတလဲလဲ ပြောခဲ့ပြီးပြီ၊ အမေရိကန်ဟာ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးမှုကို လျစ်လျူရှုပြီး တရုတ်ကုန်စည်တွေအပေါ် ခိုင်လုံမှုမရှိဘဲ အခွန်စည်းကြပ်ထားလို့ တရုတ်-အမေရိကန် ဆွေးနွေးပွဲနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လင်ကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အနာဂတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေမှာ ဖန်တာနဲလ်ကိစ္စကို ဆွေးနွေးမလားဆိုတဲ့ မေးခွန်းကို တုံ့ပြန်ရင်း လင်ကျန်းက ဖြေကြားခဲ့တာပါ။
ဆွစ်ဇာလန်နိုင်ငံမှာ သီတင်းပတ်ကုန်ရက်က ဆွေးနွေးခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ တရုတ် နှစ်ဖက်စလုံးက ကုန်စည်တွေအပေါ် စည်းကြပ်ခွန်တွေ သိသိသာသာ လျှော့ချမယ်လို့ ကတိပြုထားလို့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုတွေ ပြေလျော့သွားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်းကို အမေရိကန်က မဖယ်ရှားခဲ့ဘဲ တရုတ်ပြည်မကြီးအစိုးရဟာ အမေရိကန်နိုင်ငံထဲက ဖန်တာနဲလ် ကပ်ဘေးကို ရပ်ဖို့ လုံလောက်အောင် မလုပ်ခဲ့ဘူးလို့ အမေရိကန်က ပြောထားပါတယ်။
Source: Reuters