
မက္ကဆီကိုနိုင်ငံမှာ ဂိုဏ်းအချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ဆီနာလိုအာပြည်နယ်မှာ မိန်းကလေးငယ် ၂ ယောက် အသတ်ခံရပြီးနောက် မေလ ၁၂ ရက်မှာ မက္ကဆီကန် ကလေးငယ်တွေဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ပြည်နယ်မြို့တော် ကူလီယာကန်ရှိ ရာဖဲလ်ရာမီရက်ဇ် မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပြီး အသက် ၇ နှစ်ရှိ အလက်ခ်ဆာမက်ဒီနာနဲ့ အသက် ၁၁ နှစ်ရှိ လိုက်ဒီရိုဟာ့စ်တို့ သေဆုံးမှုအတွက် ဆွေမျိုးတွေ၊ အတန်းဖော်တွေနဲ့ ဆရာတွေ စုဝေးခဲ့ကြတာပါ။
မိန်းကလေးငယ်လေးတွေဟာ ဘာဒီရာဂွာတို မြို့အနီးမှာ မိသားစုဝင်တွေနဲ့အတူ ခရီးသွားနေတုန်း မေလ ၆ ရက်က သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကလေးတွေကို တင်ဆောင်လာတဲ့ ဗင်ကားကို စစ်တပ်ရဲ့တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာလို့ ဆွေမျိုးတွေက ပြောပါတယ်။
အစောပိုင်းသတင်းတွေမှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း မိန်းကလေးငယ်လေးတွေကို ဖမ်းဆီးသွားကြောင်း ရေးသားဖော်ပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာ တကယ့်အမှန်က အဲဒီလို မဟုတ်ကြောင်း ဆီနာလိုအာ အုပ်ချုပ်ရေးမှူး ရူဘန်ရိုချာက ပြောပါတယ်။
အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ကတိပြုခဲ့ပြီး အပြစ်ပေးမခံရမချင်း မပြီးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
ဆီနာလိုအာ ရာဇဝတ်ဂိုဏ်းတွင်းမှ အာဏာလွန်ဆွဲပွဲတွေအကြားမှာ သတ်ဖြတ်မှုတွေကြောင့် ဒေသကို တုန်လှုပ်စေပြီး အကြမ်းဖက်မှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာ အစ္စမဲလ်အလ်မာယို ဇမ်ဘာဒါကို ဇူလိုင် ၂၅ ရက်က အမေရိကန်မြေပေါ်မှာ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
Source:Reuters