DVB Logo
Home
Lead Story
မည်သည့်အခကြေးငွေနှင့် လက်ဆောင် တစိုးတစိမှ ပေးစရာမလိုပါ- ဘီဂျီတာဝန်ခံ ဦးညီညီ
DVB
·
November 11, 2014
မည်သည့်အခကြေးငွေနှင့် လက်ဆောင် တစိုးတစိမှ ပေးစရာမလိုပါ- ဘီဂျီတာဝန်ခံ ဦးညီညီ
Donate to DVB

နိုဝင်ဘာ ၁၃ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သွေးအကူအညီပေးရေးအဖွဲ့ (Blood Group) ထူထောင်ခြင်း ၄ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

သွေးအကူအညီပေးရေးအဖွဲ့(ဘီဂျီ)ကို ထူထောင်သူလည်းဖြစ်၊ တာဝန်ခံလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညီညီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

Ko Nyi Nyi (BG)သွေးအကူအညီပေးရေးနဲ့ ပဲဖြစ်ဖြစ်၊ တခြားလူမှုရေးလုပ်ငန်းနဲ့ ပဲဖြစ်ဖြစ် နောက်ဆုံး ဖြစ်ထွန်း ဆောင်ရွက်မှုအခြေအနေကို ပြောပြပါ။
“ကျနော်တို့ သွေးအကူညီပေးရေးကတော့ တောက်လျှောက်ပဲလေ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှလုံးခွဲတဲ့ကိစ္စမျိုးဆိုရင်လည်း fresh blood (လတ်ဆတ်တဲ့သွေး) တွေ လိုတာကိုး။ အဲဒီလိုမျိုးဆိုရင် တောက်လျှောက် ကျနော်တို့ ပေးနေတာပဲ။ အခု လက်ရှိ လုပ်နေတဲ့ဟာတွေဆိုရင် ၁၇ ရက် ၇ လ ၂၀၁၁ ခုနှစ်ကနေ စခဲ့တာ၊ အခု ပြီးခဲ့တဲ့ ၇ လပိုင်းက ကျနော်တို့ ၃ နှစ် ပြည့်တာပေါ့။ အခု လာမယ့်ရှေ့လ (၁၁ - ၁၂- ၁၃- ၁၄- ၁၅) မှာ ဘယ်ရက်ကျမယ် မသိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ နှစ်ပြည့် လွတ်မြောက်ခြင်း အထိမ်းအမှတ်ပေါ့။ ကျနော်တို့ (ဘီဂျီ) ကလည်း ၄ နှစ်ပြည့်တာပေါ့။ အဲဒါလေးကို လုပ်ဖို့ အစီအစဉ်တော့ ရှိတယ်။ အဲဒီမှာ ဘာတွေလုပ်မလဲဆိုတော့ သွေးအကူညီပေးရေးတွေ။ ကျနော်တို့ စေတနာဝန်ထမ်းပေါ့။ အရေးပေါ် မဟုတ်ပဲနဲ့ သွေးဘဏ်တွေမှာ သွေးဖြည့် ပေးတယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျနော်တို့ လုပ်မယ်။ နောက်တခုက ကျနော်တို့ လမ်းဘေးမှာ လေလွင့်ကလေးငယ်လေးတွေ၊ အမှိုက်ကောက်ကလေးငယ်လေးတွေကို စာသင်ကြား ပေးတာတွေ လုပ်နေရင်းနဲ့မှ ကလေးငယ်လေးတွေအတွက်ကို အဲဒီနေ့မှာ ဆန်တို့၊ ဆီတို့ စသဖြင့်တော့ ပစ္စည်းတွေ ကျနော်တို့ ပေးမယ်။ အဲဒီအစီအစဉ်လေးတွေ ရှိပါတယ်။”

သွေးအကူပေးရေးအဖွဲ့ ၄ နှစ်ပြည့်အနေနဲ့ မေးမြန်းချင်တာတော့ လုပ်ငန်းချဲ့တာတွေပါ ပြောပြပေးပါ။
“သွေးကူညီပေးရေးအဖွဲ့က ၁၁ လပိုင်း ၁၃ ရက်နေ့ဆို ၄ နှစ်ပြည့်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်တာ ၄ နှစ်ပြည့်မြောက်။ ကျနော်တို့ ဘီဂျီကလည်း သွေးအကူအညီပေးတာ ၄ နှစ်ပြည့်တယ်။ ပညာဒါနကျတော့ ကျနော်တို့က ၁၇ ရက် ၇ လ ၂၀၁၁။ ဆိုလိုချင်တာက ၂၀၁၀ မှာ အမေ (ဒေါ်အောင်ဆန်းစုကြည်) လွှတ်တယ်။ ကျနော်တို့ သွေးအကူညီပေးရေးကို စတယ်။ ၂၀၁၁ ခုနှစ် ၁၇ ရက် ၇ လပိုင်းမှာ ပညာဒါနကို ကျနော်တို့ စတယ်။ အခု ကျနော်တို့လုပ်မယ့်ဟာက သွေးအကူညီပေးရေး ၄ နှစ်ပြည့် ကျနော်တို့ လုပ်မှာ။”

အန်အယ်လ်ဒီ သွေးအကူအညီပေးရေး စတင်ပေါ်ပေါက်ချိန်နဲ့ ဘာကြောင့် ပေါ်ပေါက်လာတယ် ဆိုတာလေးကို ပြောပြပါ။
“ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်မှာ လူငယ်တွေ စုစည်းပြီးတော့ အန်အယ်လ်ဒီ မဟုတ်သောလူငယ်တွေရော၊ အန်အယ်လ်ဒီလူငယ်တွေရော စုစည်းပြီးတော့၊ အဲဒီအချိန်တုန်းက ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေးက ကိုသီဟန်တို့အပါအ၀င်ပေါ့ စုစည်းပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်မှာ လွတ်မြောက်မှုကို ကြိုဆိုပြီးတော့ activities (လှုပ်ရှားမှုတွေ)၊ သွေးအကူအညီပေးရေးတွေကို ကျနော်တို့ စလုပ်ခဲ့တယ်။ အဲဒီတုန်းကတော့ အန်အယ်လ်ဒီ သွေးအကူညီပေးရေးဆိုပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာမှ ကျနော်တို့က အန်အယ်လ်ဒီ blood group ပေါ့နော်၊ သွေးအုပ်စု သွေးအကူညီပေးရေးဆိုပြီးတော့ လုပ်ရင်းနဲ့မှပဲ အမှတ် ၂ ဆေးရုံတို့၊ မင်္ဂလာဒုံစစ်ဆေးရုံတို့၊ စံပြဆေးရုံတို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၊ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ဆေးရုံသာမကပဲ နယ်တွေမှာရှိတဲ့ ဆေးရုံတွေနဲ့ပါ network (ကွန်ရက်) သဖွယ် ချိတ်ပြီးတော့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းပဲပေါ့။ အန်အယ်လ်ဒီရဲ့ network တခုဖြစ်တဲ့ ဘီဂျီ သွေးအကူအညီပေးရေးတွေကို ဆောင်ရွက်လာနိုင်ခဲ့တယ်ပေါ့။”

သွေးအကူပေးတဲ့လုပ်ငန်းတွေကို အန်အယ်လ်ဒီမှာ စတင်ကာစကစပြီး ချဲ့ထွင်လာတာ အခု တိုင်းနဲ့ပြည်နယ် ဘယ်နှစ်ခုမှာ သွေးအကူအညီပေးရေးတွေကို တကယ်လိုအပ်သူတွေထံ ကူညီနိုင်ခဲ့လဲဆိုတာ ပြောပြပေးပါ။
“ကျနော်တို့ စစချင်းတုန်းကတော့ ကျနော်တို့မှာ အခက်အခဲ အကျပ်အတည်းလေးတွေနဲ့ ဒီအာဏာပိုင်တွေကနေပြီးတော့ လိုက်လံပြီးတော့ မေးမြန်း၊ ဟန့်တား၊ နှောင့်ယှက်၊ ခြိမ်းခြောက်တဲ့ဟာလေးတွေ ခံရတယ်ဆိုပေမယ့်လည်း အဲဒီဟာနဲ့တပြိုင်တည်းပဲပေါ့။ တကယ့်ကို ပြည်သူလူထုရဲ့ အရေးပေါ် သွေးလိုတဲ့အခါ အသက်ကယ်နိုင်တဲ့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ မဆုတ်မနစ် ဆောင်ရွက်ရင်းနဲ့ပဲ မကွေးတိုင်းတို့၊ စစ်ကိုင်တိုင်းတို့၊ တိုက်ကြီးတို့၊ မြောက်ဥက္ကလာတို့၊ ရှမ်းပြည်နယ် တောင်ကြီးတို့ ၊ ကလေးတို့ပေါ့နော် စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကျနော်တို့ နေရာ ၁၅ နေရာ နီးပါးလောက်ကို ဖြန့်ကြက်နိုင်ခဲ့ပါတယ်။”

သွေးအကူအညီပေးရေးဟာ မွန်မြတ်တဲ့ အလုပ်လို့ နားလည်ထားတယ်။ ကိုညီညီတို့ အနေနဲ့ ခုနပြောသွားတဲ့ ကနဦးပိုင်းမှာ နှောင့်ယှက်ခံရတယ်ဆိုတော့ လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပါ။
“စလုပ်တုန်းကဆိုရင် အဖွဲ့ချုပ်ရဲ့ နာယကကြီး ဘဘဦးတင်ဦးတို့ဆီကို ကျနော်တို့ သွားပြောပြတယ်။ ဗိုလ်တထောင်မှာ ကျနော့်လူငယ်လေးကို ဖမ်းမယ်၊ ဆီးမယ် ဆိုပြီးတော့ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီးတော့ ဘဘဦးတင်ဦးကို သွားတိုင်ပင်တဲ့အခါမှာ ဘဘဦးတင်ဦးကနေပြီးတော့ ဒါဟာ တကယ့်ကို မတရားသဖြင့် ဆောင်ရွက်တာပဲဆိုပြီးတော့ ကျနော်တို့ကို အကြံဥာဏ်တွေပေးရင်းနဲ့မှ ကျနော်တို့ မီဒီယာတွေနဲ့ ဗျူးလိုက်တဲ့အခါမှာ သူတို့ရဲ့ နှောင့်ယှက်မှုတွေဟာ အနည်းငယ် ရပ်တန့်သွားတယ်။ သို့ပေမယ့် အကုန်လုံး ရပ်တန့်တာလားဆိုတော့ အကုန်လုံးတော့ မရပ်တန့်ဘူး။ တခြားသော သွေးအကူအညီပေးရေးတွေ၊ သွေးအဖွဲ့တွေ သွေးသွားပြီး လှူတဲ့အခါမှာ ဘယ်အာဏာပိုင်အဖွဲ့အစည်း၊ ထောက်လှမ်းရေးမှ ချောင်းကြည့်တာတို့၊ ဓာတ်ပုံရိုက်တာတို့ မရှိဘူးဆိုပေမယ့်လည်း ကျနော်တို့ အန်အယ်လ်ဒီ အနေနဲ့ဆိုရင် ကျနော်တို့ကို တနေရာကနေ ချောင်းပြီး ဓာတ်ပုံရိုက်တာတို့ စသဖြင့်တော့ အဲဒီလိုမျိုးလေးတွေ ခက်ခက်ခဲခဲကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတယ်။ ဒီဘက်ခေတ်ကာလမှာတော့ အဲဒါလေးတွေတော့ မရှိသလောက်ပဲ။ တခါတလေမှာတော့ ကျနော်တို့ အုံနဲ့ကျင်းနဲ့ သွေးဘဏ်တွေမှာ သွေးသွားဖြည့်တဲ့ အခါမျိုးမှာတော့ နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) တို့၊ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့၊ နယ်မြေခံရဲတို့ကတော့ ကျနော်တို့ ဘယ်လိုခေါ်မလဲဆိုတော့ နည်းနည်းလေး စောင့်ကြည့်တဲ့ဟာလေးက ရှိတော့ရှိတာပေါ့။ ဒါပေမယ့် အရင်ကထက်စာရင်တော့ လုပ်လို့ကိုင်လို့ အများကြီးကောင်းလာတယ်ပဲ ပြောလို့ရတာပေါ့။”

သွေးလှူတဲ့အခါ ရရှိတဲ့ ပီတိနဲ့ အခက်အခဲတွေကို ယှဉ်ပြောပြပါလား။
“အခက်အခဲကတော့ တခြားသော၊ တခြားသော သွေးအဖွဲ့တွေထက်စာရင် ကျနော်တို့က အန်အယ်လ်ဒီက လူငယ်တွေနဲ့ အန်အယ်လ်ဒီ မဟုတ်တဲ့ လူငယ်တွေ စုစည်းထားတာဖြစ်တဲ့ အတွက်၊ အန်အယ်လ်ဒီဆိုတာက ကျနော်တို့နိုင်ငံမှာ အစိုးရတော်တော်များများရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲတို့၊ ဘာတို့ ထောက်လှမ်းရေးတို့စသဖြင့် ဒီပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံရတဲ့အတွက် ကျနော်တို့မှာ သွေးလှူချင်တဲ့သူက လှူချင်တယ်ဆိုပေမယ့်လည်း စောင့်ကြည့်နေ တဲ့ အာဏာပိုင်ထောက်လှမ်းရေးတွေကို ကြောက်လို့ မလှူရဲတဲ့ အခက်အခဲ အကျပ်အတည်း တွေက ကျနော်တို့မှာ အများကြီးပဲရှိတယ်။ အဲဒီအခါကျလည်း ကျနော်တို့က နည်းမျိုးစုံနဲ့၊ ခိုးကြောင်ခိုးဝှက်နဲ့ သွားပြီးတော့ လှူရတဲ့ဟာလည်း ရှိတယ်။ သို့ပေမယ့် ကျနော်တို့ ဘယ်လောက်ကြီးပဲ အခက်အခဲရှိလင့်ကစား သွေးအရေးပေါ်လိုအပ်တဲ့လူနာဆီကို ရောက်တဲ့ အခါ ကျရင်တော့ ‘ကျနော်တို့ အန်အယ်လ်ဒီက လူတွေ သွေးလာရောက်ပေးတာပါ။ ကျနော်တို့ကို မည်သည့်အခကြေးငွေ၊ လက်ဆောင် တစိုးတစိမှ ပေးစရာမလိုပါ၊ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အရေးပေါ် သွေးလိုနေတဲ့လူနာတွေကို သွေးသွင်းနိုင်တယ်ဆိုရင် ကျေနပ်ပါပြီဆိုတဲ့ စကားလေးကြားလိုက်တာနဲ့ အဲဒီလူနာတွေက အရမ်းဝမ်းသာပြီးတော့ ‘ဟာ ဒေါ်စုအဖွဲ့ကလား ကျန်းမာပါစေ ချမ်းသာပါစေပေါ့။ မျက်ရည်လေးတွေ ၀ဲပြီးတော့။ အဲလိုမျိုး လူနာတွေရဲ့ ၀မ်သာတဲ့ပီတိက ကျနော်တို့ဆီမှာ ကူးစက်ပြီးတော့ အခက်အခဲဆိုတဲ့ဟာတွေက ကျနော်တို့ဆီမှာ မြူမှုန်ဆိုတဲ့ဟာမျိုးတောင်မရှိတော့ပဲနဲ့ ကြံ့ကြံ့ခံရပ်တည်လာနိုင်ခဲ့တာဆိုရင် ဒီနေ့အထိဆိုရင် သွေးအလုံးရေပေါင်း ကျနော်တို့ မိန်းစင်တာမှာတင် (သုံးသောင်းကျော်) ကို လူနာပေါင်းမြောက်မြားစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။”

သွေးအကူပေးရေးအဖွဲ့က နှစ်ပတ်လည်အတွက် ဘာတွေ ပြင်ဆင်ထားလဲ။
“မြို့နယ်ပေါင်းစုံတာဝန်ခံတွေ ချိတ်ဆက်ဆောင်ရွက်နေပါပြီ။ လာမယ့် ၁၃ ရက်နေ့မှာ အမေဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ လွတ်မြောက်တယ်ဆိုတဲ့အထိမ်းအမှတ်အနေနဲ့ လမ်းပေါ်မှာ ပညာသင်ချိန်မှာ ပညာမသင်ကြားနိုင်တဲ့ အမှိုက်ကောက်ကလေးငယ်လေးတွေကို ကျနော်တို့ စာသင်ကြားပေးတယ်။ အဲဒီကလေးငယ်လေးတွေအတွက်ကော။ အခြားသော ဆင်းရဲနွမ်းပါးကလေးငယ်လေးတွေအတွက်ကိုကော ဆန်တို့၊ ဆီတို့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေ လှူဒါန်းမယ့် အစီအစဉ်ရှိပါတယ်။ ပြီးတော့ ဆေးရုံတွေမှာ သွားပြီးတော့ သွေးလှူဒါန်းမယ့် အစီအစဉ်တွေကိုလည်း ဆောင်ရွက်ထားပါတယ်။ ကျနော်တို့ ဆောင်ရွက်တဲ့ ကိစ္စတိုင်း ကိစ္စတိုင်းက ပြည်သူကို အခြေပြုပါတယ်။ ပြည်သူကို မဏ္ဍိုင်ထားပါတယ်။ ပြည်သူရဲ့ အကျိုးတွေကိုပဲ ရှေးရှုပါတယ်။”

ကိုညီညီတို့ သွေးအကူအညီပေးရေးအဖွဲ့(ဘီဂျီ) ပေါ်လာပြီးနောက်ပိုင်းမှာ ပညာရေးကဏ္ဍတွေ မှာပါ နည်းနည်း ထပ်ချဲ့တယ်လို့ သိရပါတယ်။ သွေးလှူဒါန်းတဲ့အလုပ်အပြင် ဘာတွေလုပ်သေးလဲ ။
“သွေးအကူညီပေးရေးကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအကြိုနဲ့ ကျနော်တို့ ဆောင်ရွက်လာရင်းနဲ့ပါပဲ နောက် ၁ နှစ်လောက်ရောက်တဲ့ခါမှာ ကျနော်တို့နိုင်ငံရဲ့ အင်မတန်မှ နိမ့်ကျလှတဲ့ နောက်ထပ် ပညာရေးကဏ္ဍကို တွေ့မြင်လာတယ်။ ကျန်းမာရေးကဏ္ဍအနေနဲ့ နိုင်တဲ့ဘက်က အကူအညီပေးတယ်။ ပညာရေးကဏ္ဍအနေနဲ့ ဘာသွားတွေ့ရလဲဆိုတော့ ဆေးရုံတွေမှာ အရေးပေါ်အသက်ကယ် သွေးလိုနေတဲ့အချိန်မှာ သွေးမရရှိပဲနဲ့ သေဆုံးတဲ့ လူနာတွေကို အနည်းနဲ့ အများတွေ့ရှိလာတဲ့အခါမှာ ကျနော်တို့ ဒီ သွေးအကူညီပေးရေးကို ဆောင်ရွက်လာရင်းနဲ့ပဲ ပညာရေးကဏ္ဍမှာ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကလေးငယ်လေးတွေကို တွေ့တယ်။ ပညာသင်ချိန်မှာ ပညာမသင်ကြားနိုင်တဲ့ ကလေးငယ်ပေါင်း မြောက်မြားစွာကို တွေ့လာတဲ့အခါမှာ အဲဒီကလေးငယ်လေးတွေကို ပညာသင်ကြားရေး အတွက်ကို၊ စာရေးစာဖတ်ကို ကျနော်တို့ ဆောင်ရွက်လာနိုင်ခဲ့တယ်။ ပြီးတဲ့အခါမှာ ကျနော်တို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုတွေ အရမ်းဖြစ်နေတယ်။ အလုပ်လက်မဲ့တွေ အရမ်းများနေတယ်။ ဆင်းရဲနွမ်းပါးမှုကို တတ်နိုင်တဲ့ဖက်က လျော့ချမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၁ မှာ ဒေါက်တာမျိုးအောင်တို့၊ ကိုဖြိုးဇေယျာသော်တို့၊ ရုပ်ရှင်အနုပညာသရုပ်ဆောင်တွေလည်း ပါတာပေါ့။ ပညာဒါနကျောင်းအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာဒါနလေးကို ကျနော်တို့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ ဆံပင်ညှပ်သင်တန်း၊ စက်ချုပ်သင်တန်း၊ ကွန်ပြူတာ အခြေခံသင်တန်း ဆိုတဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။”

ကိုညီညီတို့ ဘီဂျီ က ပရဟိတလုပ်ငန်းဆိုတော့ အဖွဲ့ဝင်ပြီး သတ်သတ်မှတ်မှတ်လုပ် နေကြတာ မျိုးလား။ စိတ်ပါတဲ့အခါလာ ဆိုတဲ့ပုံစံမျိုးလား။ ဘယ်လိုဖွဲ့စည်းထားလဲ။

“ကျနော်တို့မှာ ပုံမှန်သွေး donar (အလှူရှင်) တွေရှိပါတယ်ခင်ဗျာ။ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းလှူပေးတယ်။ နောက်ပြီးတော့ မြို့နယ်ပေါင်းစုံမှာရှိတဲ့ ကျနော်တို့ သွေးတာဝန်ခံတွေပေါ့။ သွေးတာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီးတော့ လှူဒါန်းပေးပါတယ်။ စေတနာဝန်ထမ်းတွေလည်း များပါတယ်။ ကျနော်တို့ဆီမှာ လာလုပ်တဲ့သူတွေက အခကြေးငွေ တပြားမှ မရဘဲနဲ့ သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကလေးငယ်တွေအတွက်၊ အရေးပေါ် သွေးကူဖို့ အတွက်ကို လာပြီးတော့ အနှိုင်းမဲ့ လာကူညီပေးနေတဲ့သူတွေချည်းပါပဲ။”

မေးခွန်းတွေအပြင်ကို ဘာများ ဖြည့်စွက်ပြောစရာရှိရင် ပြောပါလား။
“ဒီပြင်ဖြည့်စွက်စရာကတော့ ကျနော်တို့နိုင်ငံမှာ လူငယ်တွေအနေနဲ့ ပညာသင်လို့ ပြီးသွားတယ်၊ ဘွဲ့ရသွားတယ်ဆိုပေမယ့်လည်း မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီးတော့ လူငယ်တွေမှာ အနာဂတ်တွေ မဲ့နေတယ်။ အနာဂတ်မဲ့ခြင်းအကြောင်းရင်းက လုံလောက်သောအလုပ်တွေ မပေးနိုင်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်aတွရော လူမှုဝန်ထမ်းဦးစီးဌာနမှာရှိတဲ့ ပုဂ္ဂိုလ်တွေရောက နိုင်ငံအပေါ်ကို တကယ်စေတနာထားပြီးတော့ လူငယ်လူရွယ်တွေကို လမ်းမှန်ပေါ်ရောက်လာအောင်လို့၊ အလုပ်တွေ ပေးလာနိုင်အောင်လို့ ကြိုစားပေးနိုင်တဲ့၊ ကျနော်တို့ကလည်း နိုင်တဲ့ဘက်ကနေပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာတွေ ကူညီနိုင်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံအတွက် ကောင်းနိုင်မယ့် လူတော်လူကောင်းတွေအများကြီး ပေါ်ထွက်လာနိုင်မယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီဗွီဘီကို ဖြေကြားတဲ့ ကျေးဇူးပါခင်ဗျာ။
ဟုတ်ကဲ့ပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013