DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပြိုကျသာသနိကအဆောက်အအုံများ ပြန်ဆောက်ရန် အမျိုးသားအဆင့် အကူအညီ မရသေး
DVB
·
May 13, 2025
ငလျင်ကြောင့် ပြိုကျသာသနိကအဆောက်အအုံများ ပြန်ဆောက်ရန် အမျိုးသားအဆင့် အကူအညီ မရသေး
Donate to DVB

မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရစတဲ့ ဒေသတွေရှိ အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ သာသနိကအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့ အမျိုးသားအဆင့် အကူအညီတွေ မရရှိသေးဘူးလို့ ရွှေကျောင်းဆရာတော်က မိန့်ဆိုပါတယ်။

မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် မြန်မာ့ရှေးဟောင်းဗိသုကာလက်ရာ အများဆုံးစုဝေးတည်ရှိရာ မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ စတဲ့ ရှေးဟောင်းဒေသက ရှေးဟောင်း ဗိသုကာလက်ရာ အဆောက်အအုံမျိုးစုံ ပြိုကျပျက်စီးခဲ့ရပါတယ်။

ကျောင်းပေါင်း ၃၅ ကျောင်း ပြိုကျပျက်စီးခဲ့တဲ့ မိုးကောင်းကျောင်းတိုက်အတွင်းက ပြိုကျကျောင်း တွေကို ပြန်လည်တည်ဆောက်ဖို့ အမျိုးသားအဆင့် အကူအညီလာတာတွေ မရှိသေးဘူးလို့ အလယ်ရွှေကျောင်းဆရာတော်က မိန့်ပါတယ်။

အလယ်ရွှေကျောင်းဆရာတော် ဦးဓမ္မာဓိပထျာလင်္ကာရက “အမျိုးသားအဆင့်အနေနဲ့ဘာမှ မကြားပါဘူး။ ကိုယ့်ဒါယကာ၊ ဒါယိကာမနဲ့ ပြန်ရုန်းထရမှာပါပဲ။ အမျိုးသားအဆင့် အကူညီရှိတယ်လို့ ဘုန်းဘုန်းတို့လည်း ဘာမှ မကြားသေးပါဘူး။ သာသနာဆိုတာကတော့ အဓိကကတော့ စာသင်စာချနဲ့ တရားဟောတာအဓိကပါပဲ။ အဆောက်အအုံဆိုတာကတော့ သာသနာလို့ ခေါ်လို့မရဘူး။ သာသနာရဲ့အထောက်အပံ့ပစ္စည်းပဲ။ အထောက်အပံ့ပစ္စည်းမရှိဘဲနဲ့လည်း ရဟန်းတွေ ချမ်းချမ်းသာသာ သီတင်းသုံးနိုင်ဖို့တော့ မလွယ်ဘူးပေါ့။ အဲ့တော့ ဘုန်းဘုန်းတို့ ဒီကျောင်းကြီးက အပေါ်ထပ်က တိုင်လုံးတွေရော၊ မျက်နှာကြက်တွေရော၊ ရွှေပိန်းချတွေ။ ဒါမျိုးကျောင်းကြီးအစားထိုးဖို့ကတော့ ဘယ်လိုမှ မလွယ်တော့ပါဘူး” လို့ မိန့်ပါတယ်။

အိမ်တော်ရာ ဘုရားအနောက်ဘက်မုခ်မှာရှိတဲ့ မိုးကောင်းကျောင်းတိုက်အတွင်းက အမရပူရခေတ် ကတည်းက တည်ဆောက်ခဲ့တဲ့ သရက်ကင်းအုတ်လှေကားကြီးလေးစင်းအပါအဝင် မျက်နှာကြက်နဲ့ တိုင်အားလုံးကို ရွှေပိန်းချထားတဲ့ ခမ်းနားလှတဲ့ အလယ်ရွှေကျောင်းတော်ကြီး ပြိုကျပျက်စီးခဲ့ ပါတယ်။

ဒီလို မန္တလေးမြို့ရဲ့ အလည်အပတ်သွားလာစရာ အထွတ်အမြတ်ထားရာ ရှေးအမွေအနှစ် အငွေ့အသက်တွေဖြစ်တဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေ ပျက်စီးသွားရတာ ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့  မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“ရွှေကျောင်းတော်ကြီးက ကျနော်တို့ မန္တလေးမှာတော့ အလည်ပတ်သွားမယ်လာမယ်ဆိုရင် အထွတ်မြတ်ထားရာနေရာ။ အဲ့ဒါကြီး ပြိုပျက်သွားတယ်ဆိုတော့ ပြန်ပြီးပြုပြင်ဖို့ တည်နိုင်မယ်ဆိုရင်တောင်မှ အရင်တုန်းကလိုတော့ မဖြစ်နိုင်တော့ဘူး။ သူကပြောရမယ်ဆိုရင် အဟောင်းဆိုပေမဲ့ ဒီတိုင်းလေး တည်ရှိနေတာက တော်သေးတာပေါ့။ အခုက မရှိတော့ဘူးဆိုတော့ ဆုံးရှုံးမှုတခုလို့ ပြောရမှာပေါ့။”

ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတွေ ပြိုကျပျက်စီးပြီးတဲ့နောက် ဆရာတော်၊ သံဃာတော်တွေဟာ ထန်းလက်တဲလေးတွေနဲ့ သီတင်းသုံးနေကြရပါတယ်။ အလှူအတန်း လာရောက်ကြတဲ့ ဒါယကာ၊ ဒါယိကာမတွေမှာလည်း စစ်ဘေးကြောင့် နေစရာအိမ်မီးလောင် ဆုံးရှုံးကြသူများဖြစ်လို့ သူတို့ရဲ့ အလှူကိုလက်ခံရတာ စိတ်ဒဏ်ရာဖြစ်စေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အလယ်ရွှေကျောင်းဆရာတော် ဦးဓမ္မာဓိပထျာလင်္ကာရက “ဒါယကာ၊ ဒါယိကာမတွေရော၊ လှူကြတဲ့ ပုဂ္ဂိုလ်တွေရော ကျေးဇူးတော့ တင်စရာကောင်းပါတယ်။ သူတို့ စွမ်းသလောက်၊ သူတို့တတ်နိုင်သမျှ သူတို့ဓနစွမ်းအား သဒ္ဓါတရားရှိသလောက် လာလှူနေကြတာ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကောင်းပါတယ်။ အဲ့ဒါတော့ ဘုန်းဘုန်းတို့လည်းပဲ၊ တချို့လာလှူတဲ့ ဒါယကာ၊ ဒါယိကာမတွေလည်းပဲ ငွေကြေးပမာဏ၊ ပစ္စည်းပမာဏနည်းလို့ အားနာတဲ့ပုဂ္ဂိုလ်တွေလည်း တွေ့ပါတယ်။ ဘုန်းဘုန်းတို့ ကိုယ်တိုင်လည်းပဲ မျှလှူကြ၊ ဒီတကျောင်းထဲလည်း ဖြစ်တာမဟုတ်ဘူး။ တတိုက်တည်းလည်းဖြစ်တာ မဟုတ်ဘူး၊ အဲ့တော့ လှူတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်လည်းပဲ ဒုက္ခပေါင်းစုံနဲ့ တွေ့နေတဲ့အချိန်လည်းဖြစ်တယ်။ အဲ့တော့ ဘုန်းဘုန်းတို့ကျောင်းကိုလာလှူတဲ့ ဒါယိကာမကြီး တဦးဆိုရင် နယ်က၊ သူကိုယ်တိုင်နေစရာမရှိတော့ဘူး။ အိမ်က မီးရှို့ခံထားရတယ်။ သို့သော် ဗုဒ္ဓဘာသာလည်းဖြစ်တယ်၊ မြန်မာလူမျိုးတွေလည်းဖြစ်တော့ မလှူဘဲနဲ့ မနေနိုင်ကြဘူး။ အဲ့ဒါမျိုးတွေ လာလှူတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘုန်းဘုန်းတို့တွေနဲ့ စိတ်ဒဏ်ရာရတာပေါ့နော်။ အဲ့သဘောပါ”လို့ မိန့်ပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ လူနေအိမ်ပေါင်း ၄,၂၀၀၊ အစိုးရရုံးဌာန အဆောက်အအုံရဲ့ ၄၅ ရာခိုင်နှုန်း၊ ဟိုတယ်အဆောက်အုံ အခု ၈၀၊ ဘဏ်အဆောက်အုံ ၆၀ နဲ့ စူပါမားကက် ၂ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ Myanmar Survey Research ရဲ့ ဧပြီ ၄ ရက်က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013