DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု ကုလတွင် မြန်မာသံအမတ်ကြီးပြော၊ ဗုံးကြဲလူသတ်မှု ရပ်တန့်ရန် တောင်းဆို
DVB
·
May 13, 2025
စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု ကုလတွင် မြန်မာသံအမတ်ကြီးပြော၊ ဗုံးကြဲလူသတ်မှု ရပ်တန့်ရန် တောင်းဆို
Donate to DVB

ဒီပဲယင်းမြို့နယ်မှာ စာသင်ကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာပြောကြားလိုက်ပြီး ဗုံးကြဲတိုက်ခိုက်၊ လူသတ်မှုတွေ ရပ်ဖို့နဲ့ စစ်အုပ်စုကို ကူညီပံ့ပိုးပေးနေတာ ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မေ ၁၂ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင် (၁၆) ဆိုင်ရာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအား မြှင့်တင်ရေးဆိုင်ရာ  အစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောရာမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

စစ်အုပ်စုက နေ့စဉ် မဆင်မခြင် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲခြင်းတို့က အရပ်သား ထိခိုက်နစ်နာမှုနဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်တွေကို အကောင်အထည်ဖော်ဖို့ တာဝန် ယူကြရတဲ့ အဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအပေါ် အများဆုံး ထိခိုက်စေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မေ ၁၂ ရက်က ဒီပဲယင်းမြို့နယ် အိုးထိမ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ ၂ ယောက်နဲ့  ကလေးငယ် ၂၀ လောက်  သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တဲ့အကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားသွားပါတယ်။

နိုင်ငံတချို့က စစ်အုပ်စုကို ထောက်ပံ့ပေးနေကြောင်း၊ စစ်အုပ်စုကို ရုပ်ဝတ္ထုပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးတာက ကလေးငယ်တွေ အပါအဝင် လူအများအပြားကို စစ်အုပ်စုက သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေတယ်လို့လည်း  သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ အိုးထိမ်းကွင်း (မြောက်) ကျေးရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးကျောင်းကို စစ်ကောင်စီတပ်က မေ ၁၂ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားတွေနဲ့ ဆရာမတွေ အပါအဝင် သေဆုံးသူ  ၂၂ ယောက်အထိရှိလာပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့  အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ မဟုတ်မှန်တဲ့ အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013