DVB Logo
Home
နိုင်ငံတကာ
အမေရိကန်-တရုတ် အခွန်ယာယီပြန်လျှော့၊ ကမ္ဘာ့စတော့စျေး ပြန်မြင့်တက်
DVB
·
May 13, 2025
အမေရိကန်-တရုတ် အခွန်ယာယီပြန်လျှော့၊ ကမ္ဘာ့စတော့စျေး ပြန်မြင့်တက်
Donate to DVB

အမေရိကန်နဲ့ တရုတ်ဟာ အပြန်အလှန် စည်းကြပ်ခွန်တွေကို အနည်းဆုံး ရက် ၉၀ ကြာ လျှော့ပေါ့ပေးဖို့ သဘောတူခဲ့အပြီးမှာတော့ ကမ္ဘာ့စတော့စျေးကွက်တွေလည်း တန်ဖိုး ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကျကပ်ဆီကို ဦးတည်လာမှာ စိုးရိမ်နေကြချိန် အခုလို ယာယီသဘောတူညီမှုတခု ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက် ၃ လအတွင်း အမေရိကန်က တရုတ်သွင်းကုန်ခွန်တွေကို စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံရာကနေ ၃၀ ရာခိုင်နှုန်းအထိ ပြန်လျှော့ပေးထားမှာဖြစ်ပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် ၁၂၅ ရာခိုင်နှုန်း မကောက်တော့ဘဲ ၁၀ ရာခိုင်နှုန်းပဲ ကောက်မှာဖြစ်ပါတယ်။

အဆင့်မြင့်နည်းပညာကုန်စည် ထုတ်လုပ်မှုအတွက် အရေးပါတဲ့ မြေရှားသတ္တုနဲ့ သံလိုက်လို ပစ္စည်းတွေအပေါ် ကန့်သတ်ထားမှုတွေကိုပါ ရုပ်သိမ်းပေးဖို့ တရုတ်ဘက်က သဘောတူခဲ့တယ်လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင် ဂရီယာက ပြောပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က လိုငွေပြမှု အပါအဝင် အငြင်းပွားမှုရဲ့ အဓိက အကြောင်းရင်းတွေကို အကျေအလည် မဖြေရှင်းနိုင်သေးပါဘူး။

အမေရိကန် ဖန်တာနဲလ် မူးယစ်အကျပ်အတည်းကို ကိုင်တွယ်ဖို့ တရုတ်ဘက်က အခုထက်ပိုပြီး အရေးယူဆောင်ရွက်ပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေလည်း မပြေလည်သေးပါဘူး။

နှစ်လမ်းသွားကုန်သွယ်မှုမှာ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ရပ်ဆိုင်းပြီးတော့ ထောက်ပံ့ကွင်းဆက်တွေ ပြတ်တောက်၊ အလုပ်အကိုင်တွေ လျှော့ချတဲ့ အခြေအနေအထိ ရောက်လာတဲ့ အကျပ်အတည်းကို ညှိနှိုင်းနိုင်ခဲ့တဲ့အတွက် ဘဏ္ဍာရေးစျေးကွက်တွေကတော့ ကြိုဆိုခဲ့ကြပါတယ်။

ဝေါစထရိ စတော့စျေးတွေ ထိုးတက်သွားခဲ့ပြီး S&P 500 ဝင် ကုမ္ပဏီတွေရဲ့ မေ ၁၂ ရက် အပိတ်စျေးဟာ မတ် ၃ ရက် နောက်ပိုင်း အမြင့်ဆုံးပြန်ရောက်သွားခဲ့သလို နည်းပညာကုမ္ပဏီတွေ အများစုပါဝင်တဲ့ Nasdaq Composite စတော့စျေးကွက်ဟာလည်း ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်း အမြင့်ဆုံးနဲ့ စျေးပိတ်ခဲ့ပါတယ်။ ဒေါ်လာစျေး ပြန်တက်လာပြီး ရွှေစျေးကတော့ ကျသွားခဲ့ပါတယ်။

“သူတို့တွေ တရုတ်ကို တံခါးဖွင့်ဖို့၊ အပြည့်အဝတံခါးဖွင့်ဖို့ သဘောတူလိုက်ကြပြီ။ ဒါက တရုတ်အတွက်လည်း ကောင်းမှာပါ။ ကျုပ်တို့အတွက်လည်း ကောင်းမှာပါ။ ဒါဟာ ပေါင်းစည်းရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရမ်းကောင်းမယ်လို့ ထင်ပါတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013