
တောင်အာဖရိကနိုင်ငံသား လူဖြူ ၄၉ ယောက် အုပ်စုဟာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က O.R. တမ်ဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အမေရိကန်ပြည်ထောင်စုကို မေ ၁၁ ရက်က ထွက်လာခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုက္ခသည် အစီအစဉ်အောက်မှာ နေရာရွှေ့ပြောင်းမှုဆိုင်ရာ ပထမဆုံးအသုတ်လည်း ဖြစ်ပါတယ်။
တောင်အာဖရိက ကနေ သူတို့အဖွဲ့ဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ထဲက ဝါရှင်တန် ဒါးလက်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် တက္ကဆက်ပြည်နယ်ဆီ လေယာဉ်နဲ့ သွားမှာလို့ သယ်ယူပို့ဆောင်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် ထရမ့်ပ် အစိုးရက သတ်မှတ်ပေးခဲ့တာပါ။ သူတို့ကို ပြန်လည်နေရာချထားရေး စီမံခန့်ခွဲတဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
ထရမ့်ပ်က ဇန်နဝါရီလမှာ သမ္မတတာဝန်ကို စယူပြီးတဲ့နောက် လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကို ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့ပြီး ဒုက္ခသည်တွေ ပြန်လည်နေရာချထားမှုကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့တာပါ။
ဆက်စပ်အုပ်ချုပ်ရေးအမိန့်တခုမှာ ရီပတ်ဘလစ်ကန်သမ္မတက အမေရိကန်ဟာ အပြည့်အဝနဲ့ သင့်တော်မှုရှိရှိ တသားတည်း အံဝင်ခွင်ကျ ဖြစ်နိုင်တယ်ဆိုတဲ့ ဒုက္ခသည်တွေကိုသာ လက်ခံမယ်လို့ ပြောခဲ့ပါတယ်။
ဒုက္ခသည်လက်ခံရေး အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ရပ်ထားပေမဲ့ ဖေဖော်ဝါရီလမှာ ဒတ်ချ်လူမျိုး အစောပိုင်း အခြေချနေထိုင်သူ အများစုရဲ့ မျိုးဆက်တွေဖြစ်တဲ့ အာဖရိက နိုင်ငံသားတွေကို ပြန်အခြေချရေး ဦးစားပေးဖို့ ထရမ့်ပ်က တောင်းဆိုခဲ့ပြီး သူတို့က မမျှတတဲ့ လူမျိုးရေးခွဲခြားမှုရဲ့ သားကောင်တွေလို့ ပြောခဲ့ပါတယ်။
လူနည်းစု လူဖြူ တောင်အာဖရိကသားတွေဟာ လူမည်း လူများစုက ခွဲခြားဆက်ဆံခံရတာကို ရင်ဆိုင်နေရတယ်လို့ အခိုင်အမာ ပြောဆိုချက်တွေဟာ လက်ယာစွန်းတွေကြားမှာ နှစ်ပေါင်းများစွာ ပျံ့နှံ့ခဲ့တာပါ။
ထရမ့်ပ်ရဲ့ လူဖြူ တောင်အာဖရိကနွယ်ဖွား မဟာမိတ် အီလွန်မတ်စ်ခ်က ဒီအချက်ကို ပဲ့တင်ထပ်ခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံက ပျမ်းမျှ လူဖြူအိမ်ထောင်စုဟာ ပျမ်းမျှ လူမည်းအိမ်ထောင်စုရဲ့ ချမ်းသာကြွယ်ဝမှုထက် အဆ ၂၀ ပိုင်ဆိုင်တယ်လို့ Review of Political Economy ဂျာနယ်က ဖော်ပြပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဒုက္ခသည် အဆင့်အတန်းကို ရဖို့ ကြိုးစားတဲ့ တောင်အာဖရိက လူဖြူတွေဟာ မြေယာအငြင်းပွားမှု၊ ရာဇ၀တ်မှုတွေနဲ့ လူမျိုးရေးခွဲခြားမှုလို့ ယူဆရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ဧပြီလတုန်းက ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တောင်အာဖရိက အစိုးရကတော့ သူ့နိုင်ငံရဲ့ ကိုလိုနီစနစ်နဲ့ အသားအရောင်ခွဲခြားမှု သမိုင်းကြောင်းကို အသိအမှတ်မပြုတဲ့ ထရမ့်ပ်ရဲ့ ကြိုးပမ်းအားထုတ်မှုကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။
Source: Reuters