DVB Logo
Home
နိုင်ငံတကာ
ဆေးဝါးစျေးနှုန်းများ လျှော့ချမည့်အမိန့် ထရမ့်ပ် လက်မှတ်ထိုးမည်
DVB
·
May 12, 2025
ဆေးဝါးစျေးနှုန်းများ လျှော့ချမည့်အမိန့် ထရမ့်ပ် လက်မှတ်ထိုးမည်
Donate to DVB

အမေရိကန်မှာ ဆေးဝါးစျေးနှုန်း ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ချက်ချင်း လျော့ကျသွားစေမယ့် ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တရပ်ကို လက်မှတ်ထိုးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဆေးဝါးစျေးနှုန်းတွေ တညီတည်းဖြစ်သွားအောင်လို့ စျေးနှုန်းတွေ တက်လာမှာဖြစ်ပြီး အမေရိကအတွက်တော့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တရားမျှတမှု ဆောင်ယူလာမှာဖြစ်တယ်လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

Most Favored Nation လို့ခေါ်တဲ့ နိုင်ငံတနိုင်ငံကို ဦးစားပေးသလို တခြားနိုင်ငံတွေကိုလည်း တန်းတူဆက်ဆံရမယ်ဆိုတဲ့ မူအတိုင်း ကမ္ဘာပေါ်မှာ စျေးအသက်သာဆုံးပေးရတဲ့ နိုင်ငံနဲ့ တန်ဖိုးတူပဲ အမေရိကန်ကလည်း ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ ဆေးဝါးတွေနဲ့ ဆေးပစ္စည်းတွေဟာ ဘယ်နိုင်ငံထက်မဆို ဘာကြောင့် စျေးကြီးနေရသလဲဆိုတာ ကမ္ဘာကြီးက နှစ်ပေါင်းများစွာ အံ့ဩခဲ့ကြပါတယ်။ တခါတလေဆိုရင်  ဒီဓာတ်ခွဲခန်း၊ ဒီစက်ရုံ၊ ဒီကုမ္ပဏီကပဲ ထုတ်တာချင်းတူတူ အလားတူဆေးကို ၅ ဆ၊ ၁၀ ဆလောက် ပိုစျေးကြီးနေပါတယ်” လို့ ထရမ့်ပ်က သုံးသပ်ပါတယ်။

“ဆေးဝါးနဲ့ ဆေးပစ္စည်းကုမ္ပဏီတွေကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးစရိတ်တွေကြောင့်လို့ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။ အဲဒီစရိတ်အားလုံးက ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ အမေရိကန်က ‘ချင်း(ဂျင်း)ကောင်တွေ (suckers of America) ချည်းပဲ ကျခံနေရတာ” လို့ ထရမ့်ပ်က သုံးနှုန်းပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဆေးဝါးထုတ်လုပ်သူတွေကတော့ Medicare ကျန်းမာရေးအာမခံစနစ်ကို ပစ်မှတ်ထားတဲ့ အမိန့်တရပ် ထွက်မယ်လို့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တုန်းက ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေအရ လက်ရှိညှိနှိုင်းနေတဲ့ ဆေးဝါးတွေအပြင် ဆေးမျိုးစုံအပေါ် သက်ရောက်မှုရှိမယ်လို့ ယူဆရပါတယ်။

ထရမ့်ပ် ပထမသက်တမ်းတုန်းကလည်း အလားတူ မူဝါဒနဲ့ နိုင်ငံတကာ ရည်ညွှန်းစျေး သတ်မှတ်တဲ့ စီမံချက် အဆိုပြုခဲ့ဖူးပေမဲ့ တရားရုံးက ဟန့်တားခဲ့ဖူးပါတယ်။

အခုအမိန့်ကိုလည်း ဆေးဝါးလုပ်ငန်းနယ်ပယ်က ထပ်မံကန့်ကွက်ဖို့ ရှိနေပါတယ်။ အမေရိကန် ဆေးဝါးသုတေသနနဲ့ ထုတ်လုပ်သူများအဖွဲ့ (PhRMA) ကတော့ အစိုးရက စျေးသတ်မှတ်ပေးတာဟာအမေရိကန်လူနာတွေအတွက် မကောင်းတဲ့ကိစ္စလို့ တုံ့ပြန်ထားပါတယ်။

နိုင်ငံခြားစျေးအတိုင်း သွင်းရမယ်ဆိုရင် Medicare အတွက် ဒေါ်လာ ဘီလီယံချီ ဖြတ်တောက်ရမှာ ဖြစ်ပြီးတော့ လူနာတွေ ဆေးဝါးရရှိမှု တိုးလာဖို့ အာမခံချက် မရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။

ဆေးဝါးကုမ္ပဏီတွေ အမေရိကမှာ ဒေါ်လာ ဘီလီယံရာချီ ရင်းနှီးမြှုပ်နှံမှာကို ထိခိုက်လာစေနိုင်ပြီး တရုတ်အပေါ် မှီခိုရမှု ပိုများလာနိုင်တယ်လို့လည်း အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013