DVB Logo
Home
မြန်မာသတင်း
ငါးလုပ်ငန်းမှ ပြည်ပ ၀င်ငွေ ရရှိမှု ၇ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနိုင်
DVB
·
November 11, 2014
ငါးလုပ်ငန်းမှ ပြည်ပ ၀င်ငွေ ရရှိမှု ၇ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနိုင်
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ရောင်းချတဲ့ ငါးလုပ်ငန်းက ရရှိနိုင်တဲ့ ၀င်ငွေဟာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကုန် မတ်လ ၃၁ နေ အထိ ကန်ဒေါ်လာ သန်း ၄၀၀-၄၅၀ အကြားသာ ရှိနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ၇ နှစ်အတွင်း ငါးလုပ်ငန်းက ရရှိတဲ့ ၀င်ငွေဟာ အနိမ့်ဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။

Myanmar-fish-300x195မနှစ်က ဒေါ်လာသန်း ၅၃၀ ကျော်၊ ယခင်နှစ်က ဒေါ်လာ သန်း ၆၅၀ ကျော်နဲ့ နာဂစ်ဖြစ်ခဲ့တဲ့ နှစ်တွေမှာလည်း ဒေါ်လာသန်း ၄၈၀ လောက် ငါးလုပ်ငန်းကနေ ၀င်ငွေရရှိခဲ့ဖူးတယ်လို့ ငါးလုပ်ငန်း အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“ဘာကြောင့် ကျသလဲလို့ ပြန်သုံးသပ်ရင် ငါးသယံဇာတ အခြေအနေက ကောင်းတယ်၊ ရာသီဥတုလည်း ကောင်းပေမယ့် ဒီသယံဇာတကို ကျနော်တို့ မသုံးနိုင်ဘူးမသုံးနိုင်တာ အချက်လေးတွေက အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ အားနည်းတယ်။ မွေးမြူရေး စနစ်တွေ ခေတ်မမီတာ ရှိတယ်။ အရင်းအနှီး မလုံလောက်တာ ရှိတယ်။ နည်းပညာချို့တဲ့တာ ရှိတယ်။ အဲဒါအားလုံး ခြုံပြောရင် နောက်ဆုံးတော့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်က တော်တော် ကြီးကြီးမားမား ဖြစ်နေတယ်”လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးနောက် ဥရောပက ပို့ကုန်တွေအတွက် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ပေးထားသလို စနစ်တကျနဲ့ အစိုးရက ဦးစီးဦးဆောင် လုပ်ဆောင်ပြီး အားပေး ကူညီမယ် ဆိုရင် ဒေသတွင်းက ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ငါးလုပ်ငန်းတွေလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတဲ့အတွက် စားသုံးမှု မြင့်လာသလို သဘာဝငါးတွေ ရှားပါးလာတဲ့အတွက် မွေးမြူရေးငါးကို အဓိကထားစားသုံးနေကြရတာပါ။

ပင်လယ်ပြင်နဲ့ ကုန်းတွင်းပိုင်း ငါးဖမ်းဆီးရရှိမှုတွေဟာလည်း လျော့နည်းလာသလို ထိန်းထိန်းသိမ်းသိမ်း ဖမ်းရမယ့် အခြေအနေကို ရောက်လာတဲ့အတွက် ငါးမွေးမြူရေးကို အားကိုးရမယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

ငါးမွေးမြူရေးဟာ ပြည်တွင်းစားသုံးမှုအပြင် ကမ္ဘာဈေးကွက်တွေကိုလည်း ပို့နိုင်ဖို့ အခြေခံအဆောက်အဦတွေ ပိုမိုကောင်းမွန်အောင်ဖန်တီးမယ်ဆိုရင် တိုင်းပြည်ရဲ့ အားထားစရာ လုပ်ငန်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း သယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုဟာ ဒေသတွင်းနိုင်ငံတွေမှာ အမြင့်ဆုံးနိုင်ငံ ဖြစ်သလို ဒီသယံဇာတတွေကို အဆုံးစွန်ထိ ထုတ်ယူသုံးစွဲတာမရှိသေးဘဲ တချို့နေရာတွေမှာ အရိုင်း သက်သက် ဖြစ်နေပါသေးတယ်။

ဒါပေမယ့် ထုတ်လုပ်မှုနဲ့ အသုံးချမှု အားနည်းတာကြောင့် ရေထွက်ပစ္စည်းတင်ပို့မှုဟာ ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက အဆများစွာကွာဟနေတာပါ။

မြန်မာနိုင်ငံဟာ ပုစွန်၊ ပင်လယ်ငါး၊ မွေးမြူရေးငါး၊ ဂဏန်း (အခွံမာ/ အခွံပျော)၊ ငါးရှဥ့်၊ ပုစွန်ခြောက်နဲ့ တခြား ရေထွက်ပစ္စည်းတွေကိုလည်း ပြည်ပကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013