DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်၌  စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦး အထိရှိလာ
DVB
·
May 13, 2025
ဒီပဲယင်းမြို့နယ်၌  စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦး အထိရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊  ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှုမှာ  သေဆုံးသူ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာမ ၂၂  ယောက် အထိရှိလာပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ အိုးထိမ်းကွင်း (မြောက်) ကျေးရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးကျောင်းကို စစ်ကောင်စီတပ်က မေ ၁၂ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၂၂ ဦးအထိရှိလာပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးဌာန (ရေဦးအခြေစိုက်) (People Defence Comrade-PDC) တာဝန်ခံက “စာသင်ကျောင်းပေါ် တည့်တည့်ကို ဗုံးကြဲသွားတဲ့ဂျက်ဖိုက်တာက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတာ လို့သိရတယ်။ စာမေးပွဲကာလဖြစ်လို့ ကလေးတွေစုံနေတဲ့အချိန် ဗုံးကြဲခံလိုက်ရလို့ သေဆုံးတဲ့အထဲမှာ Grade 2၊ 3၊ 4 လို အတန်းငယ်တွေက ကလေးတွေသေဆုံးတာပိုများပါတယ်။

သေဆုံးသူတွေဟာ ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ နဲ့ ဆရာမ ၂ ယောက်အပါအဝင် ၂၂ ယောက်အထိရှိလာပါပြီ။ ဒဏ်ရာရထားလို့ ဆေးကုသမှုတွေခံယူနေကြတဲ့ အယောက် ၅၀ ကျော်ထဲမှာ ၄၀ ကျော်က ကျောင်းသား၊ ကျောင်းသူတွေဖြစ်ကြပြီးတော့ ၁၀ ယောက်ကျော်က ရွာခံပြည်သူတွေ ဖြစ်ကြပါတယ်။ အဲ့ဒိထဲမှာ တဝက်လောက်က အသက် အန္တရာယ်စိုးရိမ် ရတဲ့သူတွေ ရှိနေပါသေးတယ်။ ဆေးကုသမှုတွေကြိုးစားပြီးတော့ ဆောင်ရွက်ပေးနေကြပါတယ်။ တခြားနေရာတွေကို လွှဲပေးသင့်တယ်သူတွေကိုလည်းလွှဲ ပေးရတာပေါ့” လို့ ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် မေလ ၁၂ ရက် ညနေပိုင်းအထိ သေဆုံးသူတွေဟာ ပညာရေးဝန်ထမ်း ဆရာမတွေဖြစ်ကြတဲ့ ဒေါ်ပန်းမို့မို့ဝေနဲ့ ဒေါ်ဇင်မာသူတို့ဖြစ်ကြပြီး Grade 2 အတန်းက ကျောင်းသား ၆ ယောက်၊ Grade 3 အတန်းက ကျောင်းသား ၃ ယောက်၊ Grade 4 အတန်းကကျောင်းသား ၄ ယောက်၊ Grade 5 အတန်းကကျောင်းသား ၁ ယောက်၊ Grade 7 အတန်းကကျောင်းသား ၃ ယောက်၊ Grade 9 အတန်းကကျောင်းသား ၁ ယောက်၊ Grade 10 အတန်းကကျောင်းသား ၁ ယောက်၊ Grade 11 အတန်းကကျောင်းသား ၁ ယောက်တို့အပါအဝင် သေဆုံးသူ စုစုပေါင်း ၂၂  ယောက် အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်သွားတဲ့အဆိုပါ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေးဌာနရဲ့ အထက်တန်းစာသင်ကျောင်းဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံတယောက်က “အခုကြဲသွားတဲ့ဗုံးအမျိုးအစားက Cluster boom အမျိုးအစားပါ။ ၂ ဆင့်ကွဲ ၃ ဆင့်ကွဲအမျိုးအ စားဖြစ်ပါတယ်။ ထပ်ဆင့်ထပ်ဆင့်ကွဲတဲ့အ နေအထားမျိုးတွေ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ စာသင်ကျောင်းပေါ်ကို သေသေချာချာကြဲချသွားတာပါ။ ကျောင်းဆောင် ၄ ဆောင်လုံးပျက်စီးသွားပါတယ်။ သေဆုံးသွားတဲ့အထဲမှာ ဆရာမ ၂ ယောက်ကတော့ အသက် ၂၅ နှစ်ဝန်းကျင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ အငယ်ဆုံးက ၇ နှစ်၊ ၈ နှစ်အရွယ်ကနေစပြီး ၁၇ နှစ် ၁၈ နှစ် အရွယ်တွေအထိပါဝင်ပါတယ်” လို့  ပြောပါတယ်။

အပြစ်မဲ့တဲ့ပြည်သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအပေါ်ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်ကာ ပြည်သူကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာအဖွဲ့အစည်း တွေအနေနဲ့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအမြန်ဆုံးလုပ်ဆောင်သင့်နေပြီလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦး မြို့နယ်ထဲက မှန်ချိုကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အရပ်သားပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရေးလုပ်ငန်းစဥ်တွေ အရှိန်မြှင့် လုပ်သွားမယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အပြစ်မဲ့ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို လေကြောင်းကနေတိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ပြင်းထန်စွာအပြစ် ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ မေလ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့  အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ မဟုတ်မှန်တဲ့ အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဒီပဲယင်းမြို့နယ်၌  စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦး အထိရှိလာ