
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ တန်လေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေလို့ စစ်ကောင်စစ်ဘက်က တိုက်လေယာဉ်နဲ့ အနီးဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့ပြီး ပြည်သူတွေရဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်က စစ်စခန်းနဲ့ ၁ မိုင်လောက်ဝေးတဲ့ ဝေါ်ကျော့ရွာကို ဗုံးကျရောက်ပေါက်ကွဲလို့ အိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။
စခန်းနဲ့လည်း မဆိုင်သလို တိုက်ပွဲနဲ့လည်းမဆိုင်တဲ့ အရပ်သားတွေ နေထိုင်ရာကို တမင်သက်သက် ဗုံးကြဲတာဟာ စစ်ကောင်စီက ပြည်သူကို ရန်သူလို ပစ်မှတ်ထားနေတာလို့ ရွာသားတွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ အသက်ဘေးလွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေကြပြီး တချို့ တိုက်ပွဲငြိမ်တဲ့ဒေသကလူတွေလည်း ပြန်လာနေကြသလို လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ တာဆောင်ယမ်းမြို့နယ်ထဲမှာ မြန်မာစစ်ရှောင် ၂၄၉ ယောက် ကျန်နေသေးတယ်လို့ ထိုင်းစစ်တပ်သတင်းအရ သိရပါတယ်။