DVB Logo
Home
မြန်မာသတင်း
မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အအုံများကို အမြန်ဆုံးရှင်းလင်းပေးရန် တောင်းဆို
DVB
·
May 12, 2025
မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အအုံများကို အမြန်ဆုံးရှင်းလင်းပေးရန် တောင်းဆို
Donate to DVB

မန္တလေးမြို့မှာ မိုးကြီး လေပြင်းတိုက်ခိုက်ပြီး ဒေသခံတွေ ထိခိုက်မှု ရှိနေတာကြောင့် ငလျင်ဒဏ်သင့် အဆောက်အအုံတွေကို အမြန်ဆုံး ရှင်းလင်းရေးလုပ်စေချင်တယ်လို့ မန္တလေးဒေသတွေက တောင်းဆိုနေကြပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၀ ရက် ညနေက ငလျင်ဘေးဒဏ်အများဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာတွေကြောင့် ဒေသခံတချို့ ထိခိုက်မှုရှိခဲ့တာပါ။

ညနေ ၃ နာရီလောက်က  မိုးသည်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာကြောင့် ဖြိုဖျက်နေဆဲ အဆောက်အအုံတခုရဲ့ အမိုးတခု လွင့်ထွက်လာတာဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ၇၄ လမ်းနဲ့ ၃၈ လမ်းထောင့်ကိုကျပြီး လူ ၃ ယောက် ထိခိုက်ခဲ့တာပါလို့ မန္တလေးဒေသခံ တယောက်က ပြောပါတယ်။

“မြို့ထဲဘက်‌ပေါ့နော်။ မြို့ထဲမှာ မိုးသည်းထန်စွာ ရွာတယ်၊ တချို့နေရာတွေမှာ မိုးသီးကျတယ်၊ လေပြင်းတိုက်တယ်ပေါ့လေ။ အဲဒီအချိန်မှာ ဖြိုလက်စပေါ့၊ အဲဒီအဆောက်အဦတခုကနေ အမိုးပြုတ်ကျပြီးတော့ လမ်းသွားနေတဲ့လူတွေကို ထိခိုက်တာက ကျနော်သိသလောက်ကတော့ ၃ ယောက်ပါ နည်းနည်းတော့ ထိခိုက်တာပေါ့။ အဲဒီနေ့တုန်းကတော့ ဆေးရုံပို့လိုက်ပါတယ်။ ဒါပေမဲ့ လေနည်းနည်းပြင်းတော့ ခေါင်မိုးပေါ်က ဆိုလာတွေတော့ လွင့်သွားတာတို့ ရှိပါတယ်။”

ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာတွေကြောင့် ယာယီတဲတွေ ပြိုကျတာနဲ့ သစ်ပင်အချို့ လဲကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ငလျင်သင့်ဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ မိုးကြီးနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့  မိုးသီးကြွေတာတို့ပါ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ဘေးဒဏ်ထိထားတဲ့ အဆောက်အုံတချို့ ထပ်မံပြိုကျမှာကို စိုးရိမ်တာကြောင့် ရှင်းလင်းရေးကို အဓိကထား လုပ်ဆောင်ပေးစေချင်တယ်လို့ နောက်ထပ် မန္တလေး ဒေသခံတယောက်က ပြောပါတယ်။

“စိုးရိမ်တာမှုရှိတာပေါ့နော်၊ ဒီမှာက မဖြိုရသေးတဲ့ အဆောက်အအုံ အများကြီးရှိသေးတော့လေ။ မိုးကလည်း ဝင်လာပြီဆိုတော့ ဒီမှာကလည်း အဆောက်အအုံတချို့ ပြိုကျတာတွေ ရှိခဲ့တော့လေ။ တချို့အဆောက်အအုံတွေဆိုရင် လမ်းသွား၊ လမ်းလာနေရာတွေမှာတောင်မှ စောင်းနေတာတွေ ရှိနေတယ်။ ဒါတောင် လမ်းပိတ်မထားဘူးပေါ့နော်။ ဒါတွေက အရမ်းအန္တရာယ်များတဲ့ ပုံစံမျိုး ဖြစ်နေတယ်ဆိုတော့ မြန်မြန်ဖြိုခွင့်ရဖို့၊ စည်ပင်ကနေပြီးတော့ အလုပ်မြန်မြန်လုပ်ဖို့ပဲ ပြောချင်ပါတယ်။”

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ လူနေအိမ်ပေါင်း ၄,၂၀၀၊ အစိုးရရုံးဌာန အဆောက်အအုံရဲ့ ၄၅ ရာခိုင်နှုန်း၊ ဟိုတယ်အဆောက်အအုံ အခု ၈၀၊ ဘဏ်အဆောက်အုံ ၆၀ နဲ့ စူပါမားကက် ၂ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ Myanmar Survey Research ရဲ့ ဧပြီ ၄ ရက်က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ 

ငလျင်လှုပ်ခတ်ပြီး တလကျော်ကြာတဲ့အထိ မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့  အဆောက်အအုံတွေကို မရှင်းလင်းနိုင်သေးသလို ပြန်လည်ထူထောင်‌ရေးလုပ်ဆောင်မှု တွေမှာလည်း နှောင့်နှေးကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013