
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ မေလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ဒီနေ့ မနက် ၆ နာရီ ၁၂ မိနစ်အချိန်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၀ အဆင့်ရှိ မြေလျင်လှုပ်သွားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နေပြည်တော်အရှေ့မြောက်ဘက် ၃၆ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု ထပ်လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ ဒီမနက် ၆ နာရီကျော်က လှုပ်ခတ်သွားတဲ့ ငလျင်ဟာ ပြင်းအား ၃ ဒသမ ၀ ရစ်ချ်တာစကေးရှိပြီး တပ်ကုန်းမြို့ အရှေ့ဘက် ၁၆ မိုင်လောက်အကွာ အနက် ၂၆ ကီလိုမီတာကို ဗဟိုလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တာ ဖြစ်ပါတယ်။
နေပြည်တော်ဟာ ပြီးခဲ့တဲ့မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး ဒီနေ့ ထပ်မံလှုပ်ခတ်တဲ့ ငလျင်ကြောင့်တော့ လူတွေနဲ့ အဆောက်အအုံတွေ ထိခိုက်တဲ့သတင်း မကြားရသေးပါဘူး။
မေလ ၁၀ ရက် မနေ့ ည ၇ နာရီလောက်ကလည်း ရှမ်းပြည်နယ်၊ မိုင်းပန်မြို့အနီး၊ မြေအောက်အနက် ၇ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၄ ဒသမ ၀ အဆင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ မိုးဇလဌာနကတော့ အင်အားပမာဏ ၃ ဒသမ ၃ ရစ်ချ်တာစကေးရှိ မြေလျင် မတ္တရာမြို့ အရှေ့တောင်ဘက် ၇ မိုင်အကွာ အနက် ၁၆ ကီလိုမီတာကို ဗဟိုပြု လှုပ်သွားတာလို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်မှာ ပဲခူးတိုင်း ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၂ ရှိ မြေငလျင်သတင်းတ ခုလှုပ်ခတ်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေး ဆောင်ရန်၊ ရှောင်ရန် သတိပြုရမယ့် အချက်တွေနဲ့အညီ နေထိုင်ကြဖို့ NUG အစိုးရက ထပ်မံအသိပေး ကြေညာထားပါတယ်။
Photo: NUG- MOHADM