
အီရန်အစိုးရဟာ နျူလက်နက်ရဖို့ ကြိုးစားနေတာ မဟုတ်ပေမဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုခွင့်ကို ဆက်ထိန်းသိမ်းထားတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယဒ်အာဘတ်စ် အေရာဂ်ချီက အိုမန်နိုင်ငံမှာ အမေရိကန်နဲ့ စတုတ္ထအကြိမ် ဆွေးနွေးပွဲမတိုင်မီ တရက်အလိုမှာ ပြောလိုက်ပါတယ်။
ဒိုဟာမြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် အာရပ်-အီရန် ဆွေးနွေးမှု ညီလာခံမှာ ခုလို ပြောလိုက်တာပါ။
အီရန်ဟာ နျူကလီးယား မပြန့်ပွားရေးအတွက် အမြဲတမ်း ကတိကဝတ်ပြုထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ ဥပဒေဘောင်အတွင်း ယူရေနီယံ သန့်စင်ရေးအပါအဝင် နျူကလီးယားစွမ်းအင်ကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုခွင့်ကို ဆက်ထိန်းသိမ်းထားတယ်လို့ အေးရတ်ချီက ဆက်ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ စံနှုန်း နှစ်ထပ်နဲ့ နျူလက်နက်ဆန့်ကျင်ရေး တောင်းဆိုသူအားလုံးကိုလည်း သူက ဝေဖန်ရှုတ်ချခဲ့ပါတယ်။’
အီရန်နဲ့ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင်ကို စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ပြောနိုင်ပေမဲ့ “သိမ်းပိုက်မှု၊ ရန်လိုမှု၊ လူမျိုးတုံးသတ်ဖြတ်မှုစနစ်” တရပ်ကိုတော့ နျူကလီးယားလက်နက် အများအပြား ပိုင်ဆိုင်ခွင့် ပြုထားတယ်လို့ အေရာဂ်ချီက ထောက်ပြ ပြောဆိုပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ ဥရောပအပြင် တခြားနိုင်ငံတွေနဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေမှာ သစ္စာရှိရှိ ဆက်ဆွေးနွေးသွားမယ်လို့ အေရာဂ်ချီက အလေးပေးပြောခဲ့ပါတယ်။
တကယ်လို့ စေ့စပ်ညှိနှိုင်းမှုရဲ့ ရည်မှန်းချက်က အီရန်က နျူကလီးယား လက်နက်တွေ မပိုင်ဆိုင်တာ သေချာစေဖို့ဆိုရင် လုံးလုံးလျားလျား ဆောင်ရွက်နိုင်မှာဖြစ်ပြီး သဘောတူညီချက် တစ်ရပ် ကောင်းကောင်း လက်လှမ်းမီနိုင်ပြီလို့လည်း အေရာဂ်ချီက ပြောကြားခဲ့ပါတယ်။
Source: Reuters