DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့သိမ်းတိုက်ပွဲ၌ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရဲဘော်များ ကုသစရိတ် ကန်ဒေါ်လာ ၁ သိန်းခန့်လို
DVB
·
May 11, 2025
ဖလမ်းမြို့သိမ်းတိုက်ပွဲ၌ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရဲဘော်များ ကုသစရိတ် ကန်ဒေါ်လာ ၁ သိန်းခန့်လို
Donate to DVB

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ဆေးကုသစရိတ် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေတယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ဆီက သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က “ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၅၀ ကျော်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စုစုပေါင်း တော်လှန်ရေးရဲဘော် ၉၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တွေထဲမှာ ခြေ လက် ဖြတ်ရတဲ့သူတွေရှိသလို တချို့က မျက်စိမမြင်ရတော့တဲ့သူတွေလည်း ရှိပါတယ်။ တချို့ နားမကြားရတော့တဲ့သူတွေလည်း ရှိတယ်။ အဲဒီ ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို ခြေတု၊ လက်တု၊ နားကြားကိရိယာတွေ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာပါ။ မိဘပြည်သူတွေအနေနဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်တွေ ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။

မေ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကြတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေအတွက် ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဒဏ်ရာရ ရဲဘော်အများစုရဲ့ အသက်အရွယ်တွေဟာ ၁၈၊ ၂၀၊ ၂၅ နှစ် ဝန်းကျင်တွေပဲရှိပါသေးတယ်။ တကယ်လို့များ ဒီတော်လှန်ရေးထဲမှာ သူတို့တွေ မပါဘူးဆိုဘူး ဆိုရင် သူတို့တွေဟာ တက္ကသိုလ်ကျောင်းတက်မယ့် အရွယ်တွေ၊ ပညာသင်ကြားပြီးတော့ ကိုယ့်ရဲ့အနာဂတ်အတွက် အများကြီး အနာဂတ်ရှိတဲ့သူတွေ ဖြစ်တယ်။ တိုက်ပွဲထဲမှာ ကျနော်တို့ ချင်းညီနောင်ဘက်က ရဲဘော် ၅၆ ယောက်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်က ၃၀ ကျော် စုစုပေါင်း ၉၀ နီးပါးလောက် အသက်ပေးလှူ ကျဆုံးခဲ့ရပါသေးတယ်။ ဒီလူငယ်တွေဟာ ဘာဖြစ်လို့ အသက်တွေ ပေးဆပ်ကြတာလဲ၊ ကိုယ်အင်္ဂါပေးဆပ်ခဲ့ကြတာလဲဆိုလို့ရှိရင် စစ်အာဏာရှင်လက်အောက်ကနေ တကယ်ကို လွတ်မြောက်ချင်လို့ဖြစ်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးသလို G1 အဆင့်ရှိတဲ့သူ အပါအဝင် စစ်သုံ့ပန်းနဲ့ မိသားစုဝင်ပေါင်း ၃၀၀ ကျော် ဖမ်းဆီးရမိထားပြီး လက်နက်ကြီးငယ်ပေါင်း ၄၅၀ ကျော်နဲ့ ခဲယမ်းအမြောက်အမြား၊ တခြားဆက်စပ်ပစ္စည်းတွေနဲ့ ဒရုန်းတွေလည်း ထိုက်ထိုက်တန်တန်သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ချင်းညီနောင်စစ်ဆင်ရေး (Operations CB) အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ကြတာ ဖြစ်ပြီး နောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့မှာ သိမ်းပိုက်ပြီး ဖလမ်းမြို့တခုလုံးကို အပြီးသတ်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ ချင်းပြည်နယ်ထဲက ဖလမ်း၊ မင်းတပ်၊ မတူပီနဲ့  ကန်ပက်လက်မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး မကြာခင်မှာ တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ မကွေး၊ ယောဒေသနဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သလို ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း အညာဒေသစစ်ဆင်ရေးတွေမှာ ပြန်လည်ပါဝင်ပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013