Home
နိုင်ငံတကာ
ဂါဇာ အကူအညီဖြန့်ဖြူးရေးတွင် အစ္စရေးက လုံခြုံရေးပေးမည် 
DVB
·
May 11, 2025
Photo: REUTERS/Ronen Zvulun

ဂါဇာကမ်းမြောင် ဒေသခံတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို တိုးမြင့်ရင်ဆိုင်နေရတာကြောင့် ဂါဇာကမ်းမြောင်မှာ အကူအညီတွေဖြန့်ဖြူးရာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ ပါဝင်မှာ မဟုတ်ပေမဲ့ အစီအစဉ်သစ်အရ အစ္စရေးက အဲဒီနေရာမှာ လုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ပေးလိမ့်မယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဟပ်ကဘီးက ပြောပါတယ်။

ဒီကြိုးပမ်းမှုမှာ အစိုးရသာမက NGO တွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ ကမ္ဘာတဝန်းက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်မှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အလွန်လိုအပ်နေသေးချိန်မှာ ဟားမတ်စ်မှာ စွမ်းဆောင်နိုင်စွမ်းရော ဖြည့်ဆည်းပေးဖို့ ဆန္ဒရော မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါဟာ စစ်ပွဲဇုန်ဖြစ်လို့ အစ္စရေးက စစ်ဘက်ဆိုင်ရာ လုံခြုံရေးပေးရာမှာ လိုအပ်သလို ပါဝင်မယ်၊ အစ္စရေးရဲ့ အခန်းကဏ္ဍဟာ ရိက္ခာသယ်လာသူတွေ၊ ရိက္ခာဖြန့်ဝေပေးသူတွေကို စစ်ပွဲဇုန်အတွင်း ဘေးကင်းလုံခြုံစေဖို့အတွက် တာဝန်ယူပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီဟာ ဂါဇာကမ်းမြောင်ဒေသကို ရိက္ခာရရှိရေးကလွဲလို့ တခြားဘာမှ မမူတည်ပါဘူး။ ဒါကို လုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး  နိုင်ငံတကာဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 

အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ တိုက်ခိုက်မှုကြောင့် စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အစ္စရေးဟာ ဂါဇာကို ထောက်ပံ့ရေးပစ္စည်း အများစုကို ဖြတ်တောက်ခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ ပျက်ပြားလွယ် အပစ်အခတ်ရပ်စဲရေးကာလအတွင်း နယ်မြေထဲကို အကူအညီတွေ ပိုရရှိခဲ့ပေမဲ့ မတ်လမှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို ထိုးစစ်ပြန်စချိန်မှာ အထောက်အပံ့တွေ ဖြတ်တောက်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ၁၉ လကြာ ဟားမတ်စ် စစ်ဆင်ရေးကြောင့် ဂါဇာရှိ အခြေခံအဆောက်အအုံများစွာ ပျက်စီးပြိုကျခဲ့ပြီးတော့ နေထိုင်သူ ၂ ဒသမ ၃ သန်းနီးပါးအားလုံး အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရတာကြောင့် ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေး အစီအစဉ်သစ်တရပ်ကို မျှော်မှန်းထားတာပါ။

စစ်ပွဲအတွင်း ပျက်သုဉ်းခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက သူ့ရဲ့စစ်ရေးလှုပ်ရှားမှုကို တိုးချဲ့လုပ်ဆောင်ဖို့ စီစဉ်ထားပြီး လူဦးရေ ၂ ဒသမ ၃ သန်းဟာ မကြာခင်မှာပဲ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကုလသမဂ္ဂမှ သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024