
ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ဂျာမနီအဓိပတိ မာ့ဇ်၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်ခ်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်းတို့ဟာ ရုရှား-ယူကရိန်း ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို့ ယူကရိန်းကို ရောက်ရှိနေပါပြီ။
ဒါဟာ စတာမာအတွက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ယူကရိန်းကို ဒုတိယအကြိမ် လာရောက်တာဖြစ်ကာ ဒီတပတ်အတွင်း ဂျာမနီအဓိပတိဖြစ်လာတဲ့ မာ့ဇ်လည်း ပါဝင် လာတာတွေ့ရပါတယ်။
ဥရောပထိပ်တန်းနိုင်ငံခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ထရမ့်ပ်အစောပိုင်းက အဆိုပြုချက်နဲ့ ပတ်သက်လို့ ယူကရိန်းနိုင်ငံကို လာပြီး ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ သောကြာနေ့က ရုရှားအောင်ပွဲနေအထိမ်းအမှတ်ကျင်းပနေချိန် အဲ့ဒီကို နိုင်ငံ ၂၀ ကျော်ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒါကို တန်ပြန်ဖို့ ဥရောပနိုင်ငံခေါင်းဆောင်တွေဟာ ကိဗ်မြို့ကို အတူတူသွားရောက်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါ တယ်။
ဥရောပနိုင်ငံခေါင်းဆောင်တွေက “ပြင်သစ်၊ ဂျာမနီ၊ ပိုလန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ ယူကရိန်းဘက်က ရပ်တည်ပါတယ်။ ရုရှားရဲ့ တရားမဝင်ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် ဆန့်ကျင်ပါတယ်။ သမ္မတထရမ့်ပ်ပြောတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့နဲ့ ငြိမ်းချမ်းမှုတွေကို ချိုးဖောက်နေတဲ့ ရုရှားရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုတယ်ဆိုတာ ထပ်ပြီး ပြောချင်ပါတယ်။ အမေရိကန်နဲ့အတူ ကျနော်တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ ရုရှားကို တောင်းဆိုမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးမှု တတ်နိုင်သမျှအမြန်ဆုံးဖြစ်အောင် ပံ့ပိုးပေးဖို့ ကျတော်တို့ အသင့်ရှိပါတယ်” လို့ ယူကရိန်းကို မသွားမီ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမနီအဓိပတိမာ့ဇ်က ဒီတပတ်မှာ အမြန်ဆုံး လုံးဝအပစ်အခတ်ရပ်စဲဖို့ မျှော်လင့်ထားတဲ့ အကြောင်း ပြောဆိုထားပါတယ်။
ရုရှားက ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အဖြစ်ကျင်းပနေချိန်မှာ ၃ ရက်အပစ်ရပ်ကြောင်း ကြေညာ ခဲ့ပေမဲ့ ယူကရိန်းကတော့ ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် ရုရှားဟာ ဗုဒ္ဓဟူးနေ့ညကစပြီး ထောင်နဲ့ချီတဲ့ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရုရှားကလည်း သူတို့ဟာ အပစ်ရပ်တာကို လိုက်နာပြီး ယူကရိန်းက ရာနဲ့ချီတဲ့ ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ အပြန်အလှန်စွပ်စွဲထားပါတယ်။
Source:Reuters