
ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်တာ တလကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ နင့်နေအောင် ဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့မှာ ရုပ်အလောင်းရှာဖွေမှု အစီအစဉ်ပင် မပြီးဆုံးသေးတာ စစ်ကောင်စီရဲ့ အံ့ဘနန်း စွမ်းဆောင်ရည်ပါပဲ။
ငလျင်ကြောင့် တိုက်ပေါ်ကလူတွေ လမ်းဘေးရောက်ကြရပြီး လမ်းဘေးကနေ နိုင်ငံတကာထောက်ပံ့မှု ရွက်ဖျင်တဲတွေနဲ့ စုစုဝေးဝေး နေထိုင်နေကြရပေမဲ့ ရွက်ဖျင်တဲကနေ ကိုယ့်အိမ်ကိုယ်ယာဆီ ဘယ်တော့ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကို ဘေးသင့်သူများစွာ ဒီနေ့ထိ မဖြေဆိုနိုင်ကြသေးပါဘူး။
ဒဏ်သင့်ထားတဲ့ ကိုယ့်တိုက်ပေါ်ကို ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးအတည်ပြုချက် မပါဘဲ ပြန်တက်နေဖို့ ဆိုတာက နောက်ဆက်တွဲငလျင်တွေနဲ့ မိုးသည်းထန်ခြင်းကြောင့် ထပ်ပြိုတဲ့ တိုက်တွေက သက်သေပြနေတာမို့ ဖြစ်ချင်ရာဖြစ် ဇွတ် မျက်လုံးစုံမမှိတ်ရဲ။
“ငလျင်ဒဏ်မထိဘူးဆိုတဲ့ တိုက်ပေါ်မှာ နေနေတဲ့လူတွေတောင် စိတ်လုံခြုံမှု မရှိတော့ဘူး” လို့ မန္တလေးသား မိတ်ဆွေက ဆိုတယ်။
မန္တလေးလို ငလျင်က ဟက်တက်ခွဲသွားတဲ့ မြို့မပြောနဲ့၊ ရန်ကုန် တိုက်ခန်းတွေမှာ နေနေတဲ့သူတွေတောင် အရည်အသွေးစံချိန်နိမ့်တဲ့ ကိုယ့်တိုက်အခြေအနေ ကိုယ်သိတာရော စစ်ကိုင်းငလျင် စိတ္တဇအရပါ တထိတ်ထိတ်။ မေလ ၆ ရက်၊ ည ၁၀ နာရီ ၅၅ မိနစ်လောက်က သိသာတဲ့ ငလျင်လှုပ်မှုကို ကြုံရတော့ ရန်ကုန်မှာ တိုက်အောက်ဆင်းပြေးကြသူတွေနဲ့ ဝုန်းဒိုင်းကြဲ။ စစ်ကိုင်းပြတ်ရွေ့ပေါ်က ပဲခူးငလျင်ကြီး လှုပ်ခဲ့တာ အခုဆို ၉၅ နှစ်ကြာပြီမို့ အချိန်မရွေး ပြန်လှုပ်နိုင်ကြောင်း ပညာရှင်တွေက ပြောထား ဆိုထားတာကြောင့် ပဲခူးကို ဗဟိုပြု ငလျင်ကြီးသာ ပြန်လှုပ်ခဲ့ရင် ရန်ကုန်ဆိုတာ အခုခံရတဲ့ မန္တလေးထက်တောင် ပိုစုတ်ပြတ်သတ်သွားမယ့် အခြေ။
အတိတ်ခေတ် အတွေးအမြင်တွေနဲ့ အသက် ၈၀ ကျော်အရွယ် ကျနော့်ဘကြီးက “ဒီလောက် ကမ်းကုန်အောင် ညစ်စုတ်တဲ့ကောင်တွေ လက်ထက်မှာ စစ်ကိုင်းငလျင်ပြီးလို့လည်း နောက်ထပ် ငလျင်ကြီး ထပ်မလှုပ်နိုင်ဘူးလို့ ဘယ်ပြောနိုင်မလဲ” လို့ မှတ်ချက်ပြုတယ်။ ထားတော့။
အခုအချိန်ထိ မန္တလေးမြို့က Sky Villa မှာ ရုပ်အလောင်းတွေ ထပ်တွေ့နေဆဲပဲလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုလေတော့ နောက်ထပ်တလလောက် ရုပ်အလောင်း ထပ်ရှာရနိုင်တယ်။ မန္တလေးမြို့ပေါ်မှာ ဖြိုချရမယ့်တိုက်တွေကလည်း တန်းစီနေတယ်။ ကိုယ့်ဘာသာ ဖြိုဖို့ဆိုတာ တိုက်တလုံးဖြိုခ ကုန်ကျစရိတ်က နင့်နေတာမို့ မတတ်နိုင်ကြ။ အဲဒါကြောင့် အခမဲ့ဖြိုချပေးမယ့် အစီအစဉ်မှာ တန်းစီကာ စောင့်ရတယ်။ အဲဒီလို တန်းစီသူတွေက သိပ်များလွန်းနေတော့ ကိုယ့်အလှည့်ရောက်ဖို့ရာ နှစ်နဲ့ချီစောင့်ရဖို့ ရှိတယ်လို့လည်း မန္တလေးမှာ အကူအညီပေးနေတဲ့ ပရဟိတသမားတဦးက ဆိုတယ်။
တိုက်ဖြိုပြီးပြီဆိုပါစို့။ တိုက်ပြန်ဆောက်ရပါဦးမယ်။ တိုက်ပြန်ဆောက်တာကို ဘယ်သူကမှ အလုံးစုံ တာဝန်ယူမပေးနိုင်တာ သဘာဝကျပေမဲ့ တစုံတရာ ပံ့ပိုးပေးနိုင်ဖို့တော့ လိုပါမယ်။ ၁၉၈၄ ခုနှစ်၊ မန္တလေးမှာ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့တဲ့ ဦးကျားကြီးဝင်း မီးလောင်မှုကြီးအပြီး တလလောက်အကြာ ပြည်သူတွေ အိမ်ပြန်ဆောက်ဖို့ မဆလအစိုးရက သစ်ပါမစ်တွေ ထုတ်ပေးခဲ့ဖူးတယ်လို့ မန္တလေးသားမိတ်ဆွေက ပြောပြတယ်။
“အခု ပြည်တွင်း၊ ပြည်ပ အကူအညီ နင့်နေအောင်ရထားတဲ့ စစ်ကောင်စီကရော အိမ်ဆောက်ဖို့အတွက် ဘာတွေပံ့ပိုးမှာလဲ။ ဘိလပ်မြေတအိတ်၊ သံချောင်းတချောင်း ပေးမယ်လို့တောင် မကြားမိဘူး” လို့ သူကဆိုတယ်။
နောက်ထပ် အရေးကြီးတဲ့တချက်က မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့် ယိုင်ထိုးနေတဲ့ မန္တလေးစီးပွားရေးကို အခု ဖျက်အားပြင်းငလျင်ကြီးက ဘုန်းဘုန်းလဲအဆင့် ဖြိုချပစ်ခဲ့လေတော့ စီးပွားရေး မြို့တော်ကြီးရဲ့ စီးပွားရေးကို ပြန်ထူဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အတွက် အတိုးမဲ့ သို့မဟုတ် အတိုးနှုန်းအနည်းငယ်မျှနဲ့ ကာလရှည်ချေးငွေ အရေးတကြီး လိုအပ်နေပေမဲ့ စစ်ကောင်စီ အိပ်မက်တောင် ထပ်မက်ပုံမပေါ်။
အစိုးရသိပ်လုပ်ချင်တဲ့ စစ်ကောင်စီက အခု မန္တလေးမှာ ဘာလုပ်ပေးနေသလဲ။ မန္တလေးမြို့က ငလျင်ကြောင့် သေဆုံးပြည်သူ တဦးအတွက် စစ်ကောင်စီက ကျပ် ၁၈ သိန်း ထောက်ပံ့တယ်။ သပိတ်ကျင်းမြို့နယ်မှာ သင်္ကြန်ကာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားတဲ့ ပြည်သူတွေအတွက် တဦးကို ကျပ်သိန်း ၂၀၊ ဒဏ်ရာရသူတဦးကို ၁၅ သိန်းနဲ့ ပျက်စီးသွားတဲ့ နေအိမ်တလုံးအတွက် သိန်း ၂၀ သပိတ်ကျင်း ပကဖက ထောက်ပံ့ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်သင့်တယ်။
ပြီးတော့ လေယာဉ်တွေ တဝေါဝေါနဲ့ ရောက်လာတဲ့ နိုင်ငံတကာ အကူအညီပစ္စည်းတွေ ဘယ်ရောက်နေပါသလဲ။ ဒီနေ့ထိတိုင် ဘေးသင့်ပြည်သူတွေဆီ အဲဒီပစ္စည်းတွေ ပေးအပ်တာ မယ်မယ်ရရ မတွေ့သေးတာကြောင့် ပြည်သူတွေ မေးခွန်းထုတ်နေကြပေမဲ့ စစ်ကောင်စီက ဘယ်ပြည်သူကိုမှ အဖက်လုပ် မဖြေတာ ဘယ်ဆန်းလိမ့်မလဲ။
စစ်ကောင်စီက စစ်ကောင်စီမို့ ထားတော့။ မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေကရော နင်လား ငါလား ဘယ်နေရာမှာ ဘာတွေ အကူအညီ ပေးနေပါသလဲ။ ဒီနေ့ထိတိုင် သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် အကူအညီလိုအပ်နေမှု ကိန်းဂဏန်း အချက်အလက်တွေ ထုတ်ပြန်နေမှုကိုသာ အတွေ့ရများပြီး ဘယ်ဒေသက ပြည်သူဘယ်နှစ်ဦးကို ဘာတွေကူညီလိုက်တယ် ဆိုတာမျိုး ရေရေရာရာ မတွေ့ရပါဘူး။
ကုလအဖွဲ့အစည်းတွေအနေနဲ့ အခု ငလျင်ဒဏ်သင့် တလပြည့်တဲ့အချိန်မှာ ဘေးသင့်ဒေသ ဘယ်မြို့နယ်တွေက ပြည်သူဘယ်နှစ်ဦးကို ကိုယ်ထိလက်ရောက် ဘာတွေ ထောက်ပံ့ပေးခဲ့တယ် ဆိုတာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရပါမယ်။ ကုလနဲ့ မိတ်ဖက်အဖွဲ့တွေအတွက် ထောက်ပံ့ငွေတွေကို ဘယ်သူကပဲ လှူဒါန်းသည်ဖြစ်စေ၊ မြန်မာပြည်သူတွေကိုပါ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တာဝန်ရှိပါတယ်။
ကုလအဖွဲ့အစည်းတွေလိုပဲ၊ အာဆီယံကရော ဘေးသင့်ပြည်သူတွေကို ဘယ်လောက်ထိ ကူညီပြီးပြီလဲ။ အာဆီယံရဲ့ ကူညီမှုဟာ စစ်ကောင်စီလက်ထဲသို့ ထောက်ပံ့ပစ္စည်း အကုန်အစင် ထိုးအပ်လိုက်တဲ့ပုံစံမျိုးလား။ အဲဒီလိုဆို ထိုးအပ်လိုက်တယ်ဆိုရင် ဘေးသင့်ပြည်သူတွေဆီ အမှန်တကယ် ရောက် မရောက် စောင့်ကြည့်စစ်ဆေးမှုစနစ်ရော ရှိပါသလား။ လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဘေးသင့်ပြည်သူတိုင်း စာနာမှုအကူအညီ ရရှိရေး အိပ်မက်ကရော ရာခိုင်နှုန်းဘယ်လောက် ခရီးပေါက်နေပြီလဲ။ တလတာ စာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့ရာ တာဝန်ရှိပေမဲ့ မသိချင်ယောင်ဆောင်နေတာ တွေ့ရပြန်တယ်။
မန္တလေးသားမိတ်ဆွေရဲ့ မှတ်ချက်က “မန္တလေးမှာ ကုလသမဂ္ဂ အမှတ်တံဆိပ်နဲ့ယာဉ်တွေ တဝီဝီ ပြေးနေတာ မြင်နေရပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် အကူအညီပေးခွင့် ရနေတာမျိုး မဟုတ်လောက်ဘူး” လို့ ဆိုတယ်။ ငလျင်ဘေးသင့် တော်လှန်ရေးအင်အားစု စိုးမိုး ထိန်းချုပ်နယ်မြေတွေဆီ ကုလအဖွဲ့အစည်းတွေ ဝင်ရောက်အကူအညီပေးနေတာမျိုး မကြားရဘူးလို့လည်း သူက ဆက်ပြောတယ်။
ကုလအဖွဲ့အစည်းတွေကတော့ ဒီနေ့ထိတိုင် လွတ်လပ်စွာ အကူအညီပေးခွင့် ရ မရ တစွန်းတစတောင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ မိုခါနဲ့ ရာဂီ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို စစ်ကောင်စီ လက်ညှိုးညွှန်တာထက် ပိုပြီး အကူအညီမပေးနိုင်ခဲ့တဲ့ မြန်မာအခြေစိုက် ကုလအဖွဲ့အစည်းတွေရဲ့ အစဉ်အလာ ခြေရာတွေနဲ့ လတ်တလော ရေငုံနှုတ်ပိတ်နေမှုတို့ကို ပေါင်းစပ်လိုက်ရင် စစ်ကောင်စီ ထားရာနေ စေရာသွားဘဝနဲ့ ရသလောက်သာ အကူအညီပေးနေကြောင်း အဖြေထွက်ပါမယ်။ အားမနာတမ်း တည့်တည့်ပြောရရင် ကုလအဖွဲ့အစည်းတွေဟာ စစ်ကောင်စီ ငြိုငြင်သွားရင် လက်ရှိ အကူအညီပေးခွင့် ရနေတာလေးပါ ပျောက်ကာ တပ်ခေါက်ပြန်ရနိုင်တာကြောင့် အကြောက်တရားကို သတိကြီးကြီးထား ဆုပ်ကိုင်ထားနေပုံပါပဲ။
နောက်ထပ် ရေငုံနှုတ်ပိတ်နေသူကြီးကတော့ NUG အစိုးရ ကိုယ်တိုင်ပါပဲ။ NUG အစိုးရဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်ကစလို့ ပြည်သူ့အစိုးရပီသစွာ ဘေးသင့်ပြည်သူကူညီရေးကို ရုန်းကန်ထကြွ လုံ့လစိုက်ခဲ့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီလက်ထဲ အကူအညီတွေ မထည့်ဖို့၊ ဘေးသင့်ပြည်သူတွေကို တိုက်ရိုက်အကူအညီပေးဖို့နဲ့ NUG အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကနေတဆင့် အကူအညီပေးကြဖို့ တိုက်တွန်းခဲ့တယ်။
ဒါပေမဲ့ ဒီနေ့ထိတိုင် အစိုးရတရပ်ရပ်က NUG အစိုးရကနေတဆင့် ငလျင်ဘေးသင့်ပြည်သူတွေကို အကူအညီပေးခဲ့တာမျိုး မကြားရပါဘူး။ လက်ငါးချောင်းမပြည့်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက NUG အစိုးရကနေတဆင့် ပံ့ပိုးပေးပုံရပေမဲ့ ဘယ်အဖွဲ့က ဘယ်လောက်ပံ့ပိုးခဲ့တယ်ဆိုပြီး ထုတ်ပြန်ခြင်း မရှိပါဘူး။
NUG အစိုးရရဲ့ အဆိုးရွားဆုံး ရေငုံနှုတ်ပိတ်မှုကတော့ ငလျင်ဘေးသင့် တော်လှန်ရေး စိုးမိုး ထိန်းချုပ် နယ်မြေထဲ နိုင်ငံတကာအကူအညီတွေ ရောက် မရောက် ပွင့်လင်းမြင်သာစွာ မထုတ်ပြန်ခြင်းပါပဲ။ တကယ်ဆို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေကို ဘေးသင့်ပြည်သူတိုင်းက ရရှိခံစားရခြင်း မရှိကြောင်း၊ အာဆီယံရဲ့ ဘေးသင့်ပြည်သူတိုင်းဆီ အကူအညီရောက်ရေး အိပ်မက်ဟာ မင်းအောင်လှိုင်ရဲ့ မျက်ခုံးတချက်အတွန့်မှာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာအကူအညီမရတဲ့ တော်လှန်ရေးစိုးမိုးနယ်မြေထဲက ဘေးသင့် ပြည်သူတွေရဲ့ ဘဝ ဘယ်လောက်ထိ အကျပ်အတည်းတွေ့နေကြောင်း မြန်မာသိ ကမ္ဘာကြား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရမှာဖြစ်ပေမဲ့ NUG သည်လည်း အာစေးမိနေတာ တွေ့ရတယ်။
NUG အစိုးရ ဘာ့ကြောင့် အာစေးမိနေရတာပါလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ငြိုငြင်ခံရမှာ စိုးရိမ်တာကြောင့်လို့ နားလည်ရပါတယ်။
ပွင့်လင်းမြင်သာမှုကို အလေးပေး ပြောကြားလေ့ရှိတဲ့ အထက်ပါအဖွဲ့အစည်းတွေက အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ရေငုံနှုတ်ပိတ်နေကြလေတော့ ငလျင်ဒဏ်သင့် ပြည်သူတွေက နိုင်ငံတကာရဲ့ အကူအညီပေးမှုတွေကြောင့်ပဲ အဆင်ပြေနေကြသယောင်နဲ့ ဘေးသင့်ပြည်သူတွေရဲ့ တကယ့်ဘဝဟာ တလကျော်ကြာတဲ့အထိ ငရဲကို အလျားလိုက် ဖြတ်ကူးနေရဆဲပါပဲ။
လင်းဆက်ငြိမ်းချမ်း