
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှာ မေ ၉ ရက်နေ့ မနက်ပိုင်းက ကျိုက်ထီးရိုးဘုရားဖူးကား တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၁ ယောက်သေဆုံး၊ ကားပေါ်ပါလာသူ ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ပေးတဲ့သူတွေဆီကနေ သိရပါတယ်
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က သုဝဏ္ဏဝတီမြို့နယ်၊ ကမာစိုင်ကျေးရွာ မူလတန်းကျောင်းရှေ့မှာ ဘေးတွဲဆိုင်ကယ်ကို ရှောင်တိမ်းလိုက်ရာကနေ ကားမှောက်ခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့သူတယောက်က “ကားလမ်းကတော့အကျယ်ကြီးဆိုပေမဲ့ ဘေးတွဲဆိုင်ကယ်ကို ရှောင်ရင်း မြောင်ထဲထိုးကျသွားတာ၊ အတော်လေးထိခိုက်မှုတွေရှိတယ်။ ကားက ဘုန်းကြီးကိုယ်တိုင် မောင်းလာတာတဲ့ကား” လို့ပြောပါတယ်။
ကားမောင်းသူဘုန်းကြီးအပါအဝင် ကားပေါ်ပါလာတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
သွားရောက်ကူညီ ကယ်ဆယ်ရေး လုပ်ပေးခဲ့သူတယောက်က “ကြည့်ရတာ အရှိန်အတော်ပြင်းပုံရတယ်။ ကားပေါ်ပါလာတဲ့သူ အကုန်နီးပါး ဦးခေါင်းပိုင်း ထိခိုက်ထားတယ်။ မျက်နှာတွေဆိုလည်း ဖူးရောင်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်ဗျ။ အမျိုးသမီးတဦးကတော့ သေဆုံးသွားတယ်။ စုစုပေါင်း ၁၅ ဦး၊ အားလုံးကိုတော့ သိမ်ဆိပ် ဆေးရုံကိုပို့ထားတယ်” လို့ ပြောပါတယ်။
ခွဲစိတ်ကုသရမဲ့သူတွေကိုတော့ သိမ်ဆိပ်ဆေးရုံမှာ လိုအပ်တာတွေကုသပေးပြီး သထုံပြည်သူ့ဆေးရုံကြီးကို ထပ်ပြီး ပို့ဆောင်ပေးခဲ့ရတယ် လို့လည်း ပြောပါတယ်။