DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် စစ်ကူယာဉ်တန်းမိုင်းဆွဲခံရပြီး တပ်ရင်းမှူး ဒဏ်ရာပြင်းထန်၊ ထိခိုက်သေဆုံးသူများပြား
DVB
·
May 10, 2025
ဘုတ်ပြင်းတွင် စစ်ကူယာဉ်တန်းမိုင်းဆွဲခံရပြီး တပ်ရင်းမှူး ဒဏ်ရာပြင်းထန်၊ ထိခိုက်သေဆုံးသူများပြား
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ မေ ၈ ရက် မွန်းလွဲပိုင်းက ကား ၇ စီးနဲ့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

မွန်းလွဲ ၂ နာရီခွဲလေက်က VIGO ကား ၅ စီး၊ ကျောက်ကား ၂ စီးနဲ့ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပူးပေါင်းအင်အား ၁၀၀ လောက်နဲ့ ထွက်လာတာဖြစ်ပြီး ဘိုဒါးရွာနဲ့ ဝါးချောင်းရွာကြား ကျောက်ဖြူတောင်ရေချိုချောင်းအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူ များတယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖတာဝန်ခံတယောက်က ပြောပါတယ်။

“ကျနော်တို့ ထောက်လှမ်းတဲ့အခါမှာ ဘုတ်ပြင်းဆေးရုံမှာ လူနာ ၁၉ ယောက် ကုသနေတယ်။ မျက်လုံးထွက်သွားတဲ့ ၃၅၈ တပ်ရင်းမှူးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို တခြားကားတွေနဲ့တင်ပြီးတော့ ချက်ချင်း နောက်ပြန်လှည့်သွားတယ်။ ကားတစီးက ဘီးပေါက်သွားတယ်၊ ကားသမားလည်းကျသွားတော့ မောင်းမဲ့လူမရှိလို့လား ဘာလားမသိဘူး၊ ထားသွားတယ်”

မိုင်းဆွဲခံရလို့ ကားဘီးပေါက်သွားတဲ့ VIGO ကားတစီးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဘုတ်ပြင်းမြို့ ၁၈/၁၀၀ စစ်တပ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အတွင်းသတင်းတွေကနေသိရကြောင်းလည်း ဆိုပါတယ်။

စစ်ကြောင်းဟာ ဘုတ်ပြင်းအခြေစိုက် ၂၂၄၊ ၃၅၈ နဲ့ ၄၃၂ တပ်ရင်းတွေကနေ ပူးပေါင်းထွက်ခွာလာတာဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် နာရဝက်ကြာလောက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်ခွာသွားတယ်လို့ KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ရဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စစ်ကြောင်းရဲ့ထိုးစစ်က လေညာတပ်ရင်းကိုလည်း အင်အားဖြည့်ဖို့ပါ။ လက်နက်ခဲယမ်းကအစပေါ့။ ပြည်ကြီးမဏ္ဍိုင်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ကျနော်တို့ကို ထိုးစစ်ဆင်ပြီးရင်  လေညာ မဏ္ဍိုင်ကိုစစ်ကူအနေနဲ့ သွားမဲ့လမ်းကြောင်းလို့ ပြောလို့ရပါတယ်”

ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂၊ ဘုတ်ပြင်းမြို့နယ်ပကဖ (Flying star Force)၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မေ ၆ ရက်နဲ့ ၇ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာက ရှေ့တန်းစခန်းနဲ့ တနင်္သာရီမြို့နယ်က ခမရ ၅၆၁ တပ်ရင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတယောက်အပါအဝင် အများအပြားသေဆုံး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၁ ယောက် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013