
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၃ ရပ်ကွက် နေအိမ်တအိမ်က ရိုးရာကနားပွဲတခုမှာ ကြက်အရှင်ကို ဝါးစားပြီး ကပြခဲ့တဲ့ နတ်ကတော်ကို အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ နတ်ကတော်က ကြက်အရှင်ကို ဝါးစားပြီး နတ်ကပြခဲ့တဲ့ရုပ်သံ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် Kyaw Soe Moe အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပြီးနောက် မေ ၈ ရက်မှာ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (ဗဟို) က အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
နတ်ကနားစီးတယောက်က “ဗဟိုကော်မတီက အရေးယူဖို့ ထုတ်ပြန်လာတာ ကြိုဆိုတယ်။ ဒါက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ၊ ဘယ်သူပဲဖြစ်ဖြစ် နာမည်ကြီးချင်ရင် တခြားနည်းနဲ့ လုပ်လို့ရပါတယ်။ နတ်ကနားစီးတွေ အပါအဝင် အနုပညာရှင်တွေက အများသူငါ အမြင်မတင့်တယ်တဲ့ ကိစ္စတွေကို မလုပ်ဖို့ လိုအပ်တာပေါ့” လို့ ပြောပါတယ်။
အဲဒီ ကြက်အရှင်တကောင်ကို အစိမ်းလိုက်ဝါးစားပြီး အခုလို ကပြဖျော်ဖြေတာဟာ ဗုဒ္ဓလမ်းစဉ်နဲ့လည်း မညီသလို ဒေဝတာနတ်မင်းတွေရှေ့မှာ အခုလို ပူဇော်ပသတာဟာ အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး နတ်တွေကို ပူဇော်ပသကြတဲ့ ၇ ရက်သားသမီးတွေကိုလည်း အထင်အမြင်လွဲမှားတဲ့အသွင်ကို ဖော်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို) က ဆိုပါတယ်။
ဒေဝါပညာရှင်တယောက်က “အရေးယူသင့်တာကတော့ စံနာမူနာအနေနဲ့ပေါ့။ တကယ် နတ်ပူးနေရင်တော့ ကြက်က အရှင်လား အသေလားဆိုတာ ကနားစီးတွေက မသိဘူးလေ။ ပွဲစီစဉ်ကတည်းက ဒီလို အခြေအနေအထိ ဖြစ်လာမယ့် အစီအစဉ်တွေကို မထည့်သင့်တာ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်ကြားတဲ့သူတွေ မနည်းရှိတာကြောင့် ကြက်အရှင်ကို အစိမ်းဝါးစားကာ ကပြခဲ့တဲ့ ဒေဝါပညာရှင်ဖြစ်သူ ဖျာပုံမြို့က အောင်ကိုမင်း ဆိုသူကို ကော်မတီအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။