
ရန်ကုန်တိုင်းနဲ့ ပဲခူးမြို့ လမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေနဲ့ KNLA, PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မေ ၈ ရက် မနေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သလို ဆေးတပ်ဖွဲ့ဝင်တယောက် သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “သတင်းထုတ်ပြန်တာတော့ မရှိဘူး။ ခုစစ်ဆင်ရေးတွေကတော့ ခြေသံလုံလုံနဲ့ပဲ တိုက်ပွဲတွေဆင်နွှဲနေရတာ၊ လိုအပ်ရင် တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ ရဲဘော်တဦး ကျဆုံးသွားတာတော့ ဟုတ်ပါတယ်။ ကျဆုံးသွားတဲ့ရဲဘော်က ဆေးမှူးပါ။ သူက စနိုက်ဘာကျည် ထိမှန်ပြီး ကျဆုံးခဲ့ရတာပါ။ ထိခိုက်ကျဆုံးမှုကတော့ နှစ်ဖက်စလုံးရှိပါတယ်။ မြေပြင်မှာ ကိုယ်တွေဘက်က အသာစီးရနေပေမဲ့လည်း စစ်ကောင်စီတပ်က လေယာဥ်အားကိုးပြီး ဗုံးကြဲနေတာကြောင့် နည်းနည်းတော့ ကြန့်ကြာမှုတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်က ဒဏ်ရာရလူနာတွေကို ဆေးကုသပေးရင်း လက်နက်ကိုင် တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေသူတယောက်ဖြစ်ကာ သူက Southern Eagle PDF တပ်ဖွဲ့ရဲ့ ဆေးမှူးလို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်နေသူက “အရမ်းရင်နာဖို့ကောင်းတယ်၊ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ မလုံလောက်တာလည်း ပါတာပေါ့ဗျာ။ သူက တကယ်ကို တက်ကြွတဲ့ လူငယ်တဦးပါ။ လူချစ်လူခင်လည်း ပေါတယ်။ သူ့ရဲ့ အဓိကတာဝန်က ဆေးမှူးဆိုပေမဲ့ ကျရာနေရာကနေ ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်တတ်တဲ့ လူစားမျိုးပေါ့၊ စွယ်စုံရတဲ့ ဆေးမှူးတယောက်မို့လည်း ရဲဘော်တွေက သူ့ကို လေးစားချစ်ခင်ကြတာ” လို့ ပြောပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို မေ ၈ ရက် ညနေ ၅ နာရီမှာ KNLA PDF ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ မေ ၉ ရက် မနက်ပိုင်းအထိ ဗုံးကြဲတာတွေ ပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။