DVB Logo
Home
မြန်မာသတင်း
နိုင်ငံအလယ်ပိုင်းက လေယာဉ်ကွင်းငယ်များကို စစ်ကောင်စီ အဆင့်မြှင့်
DVB
·
May 9, 2025
နိုင်ငံအလယ်ပိုင်းက လေယာဉ်ကွင်းငယ်များကို စစ်ကောင်စီ အဆင့်မြှင့်
Donate to DVB

စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာနဲ့ ထောက်ပို့တာကို ပိုပြီးအားပြုဖို့ မြန်မာနိုင်ငံအလယ်ပိုင်းက လေယာဉ်ကွင်းငယ်တွေကို အဆင့်မြှင့်တင်တာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီက ဧပြီလအတွင်းကစပြီး မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းထဲက လေယာဉ်ကွင်းတွေကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မူလက ပုံမှန်သုံးနေကြမဟုတ်တဲ့ လေယာဉ်ကွင်းငယ်တွေကိုလည်း အဆင့်မြှင့်တင်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မကွေးတိုင်းထဲမှာ ပခုက္ကူလေဆိပ်နဲ့ ချောက်မြို့နယ်ထဲက လမ်းရွာလေယာဉ်ကွင်းနဲ့ စစ်ကိုင်းတိုင်းထဲက နမခနဲ့ ကလေးလေဆိပ်တို့ကို အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းထဲမှာတော့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်ကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လေကြောင်းကနေ ရိက္ခာထောက်ပို့တာနဲ့ တိုက်ခိုက်တာတွေကို ပိုပြီးအားပြုလာမယ့် ဗျူဟာအခြေအနေဖြစ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ တာဝန်ရှိသူ မိုးထက်နေက မှတ်ချက်ပေးပါတယ်။

“တလောကဆိုရင် ချောက်နားက လေဆိပ်တခုကို ပြင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ လမ်းရွာ အဲဒီနားမှာ လေဆိပ်တခုရှိတယ်၊ အဲဒီဟာမျိုးကို ပြင်တာတို့ ဘာတို့ရှိတယ်။ အဲဒါတွေကတော့ ရခိုင်စစ်မျက်နှာလိုမျိုးပေါ့ဗျာ၊ ပိုပြီးတော့ ဦးတည်ဟန်တူပါတယ်။ ဒီဘက်က တံတားဦးမှာက လေဆိပ်ကြီးတဲ့အခါကျတော့ တချို့ သူတို့ SU13 နောက်ဆုံးရထားတဲ့ ရုရှားလေယာဉ်တွေပေါ့၊ ဒါမျိုးတွေကို အခြေစိုက်လို့ရတဲ့နေရာတွေလည်း ဖြစ်တာကိုး၊ အဲဒါမျိုးတွေ ပိုပြင်တယ်လို့တော့ နားလည်ပါတယ်။ အညာကို ရည်ရွယ်တာလည်း ဖြစ်သလို တခွင်လုံး တပြင်လုံးအတွက်လည်း Fuel Efficiency တို့ ဘာတို့ညာတို့၊ နောက်တခါလက်နက်ခဲယမ်းဝေလို့ မြန်တဲ့နေရာတွေပေါ့ဗျာ၊ သိပ်မစွန့်စားရတဲ့နေရာတွေ၊ ဒီလိုမျိုးတွေမှာ ပိုအခြေစိုက်ဖို့ ကြိုးစားတယ်လို့ ထင်ပါတယ်။ မြေပြင်က ဘယ်လိုမှ တိုးမပေါက်တော့ဘူးလေနော်၊ လေဆိပ်တွေပေါ့ဗျာ။ ပခုက္ကူလေဆိပ်လို ဟာမျိုးတွေ၊ ရှမ်းတဲ၊ မိတ္ထီလာပေါ့ဗျာ၊ နောက်တခါ မေမြို့အနီးစခန်းလေဆိပ် ဒါမျိုးတွေကို Upgrade လုပ်လာတယ်လို့ ကျနော်တော့ နားလည်ပါတယ်။‌”

မြန်မာနိုင်ငံအလယ်ပိုင်းမှာ မြေပြင်ကနေ ရိက္ခာထောက်ပို့တာတွေ လုပ်ဖို့ အဆင်မပြေတော့သလို ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရိုးတလျှောက် ရေလမ်းကလည်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်တာကြောင့် လေကြောင်းစနစ်ကို ပိုပြီးအားပြုဖို့ စစ်ကောင်စီက ကြိုးစားလာတာလို့ စစ်ကိုင်းဒေသခံ PDF တွေက ပြောပါတယ်။

ကနီ PDF အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေးက “ပြည်သူတွေက တအားကို စိုးရိမ်နေတော့တာ၊ တချို့ရွာတွေဆိုရင် မနေရဲအောင်ပုံစံမျိုး ဖြစ်နေတော့တာ၊ တောတွေထဲမှာ ခက်ခဲတာပေ့ါဗျာ။ အခုက နွေအခါဆိုတော့ နေပူကလည်း တအားပြင်းတော့ ရောဂါဘာညာဖြစ်ကြတယ်။ အကြောက်တရားကတော့ တအားကိုဖြစ်ကြတာပေါ့၊ ဒီလေယာဉ်သံကြားရင်ကို ကြောက်နေကြတာ။ ဒီနှစ်ပိုင်းမှာဆိုရင် သူတို့ လုံးဝမှ ထိုးစစ်မဆင်နိုင်တော့ဘူး၊ ရှုံးနိမ့်နေတဲ့အချိန်မှာ သူတို့ လေယာဉ်တွေနဲ့ ဘယ်နေရာကျကျ၊ ဘယ်သူသေသေ၊ ချချင်တဲ့နေရာ ချမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့လုပ်နေကြတာ။ ပြည်သူတွေအနေနဲ့ သတိဝီရိယ ထားပါ၊ လေယာဉ်အသံကို နားစွင့်ပါ၊ သူတို့က လုံးဝမှ လူစိတ်မမွေးတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေး တံတားဦး၊ မိတ္ထီလာ ရှမ်းတဲ၊ နေပြည်တော် အေလာ၊ စစ်ကိုင်း နမခ လေယာဉ်ကွင်း၊ ကလေးနဲ့ မကွေး စတဲ့လေဆိပ်တွေကို အဓိကအသုံးပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ မန္တလေးတို့မှာ လေကြောင်းတိုက်ခိုက်နေတာပါ။

စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေ ၈ ရက်အထိ စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၃၈ ကြိမ်အထိ ပြုလုပ်ခဲ့တာပါ။ အဲဒီအထဲက အကြိမ် ၄၀၀ ကျော်ဟာ သူတို့ကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်အလွန်ကာလမှာ DVB ရဲ့ လက်လှမ်းမီသလောက် စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၄၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013