
ပါကစ္စတန်တပ်ဖွဲ့တွေဟာ ပါကစ္စတန်နဲ့ အိန္ဒိယ ကက်ရ်ှမီးယားကို ပိုင်းခြားထားတဲ့ စစ်ရေးနယ်နိမိတ် ကန့်သတ်မျဉ်းမှာရှိတဲ့ အိန္ဒိယစစ်သား အယောက် ၄၀ မှ ၅၀ ခန့်ကို ချေမှုန်းခဲ့ရုံတင်မက တပ်မဟာဌာနချုပ် တခုလုံးကိုပါ ဖျက်ဆီးပစ်ခဲ့တယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တောင်းလား တာရာ့က မေ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ သမားရိုးကျ တိုက်ခိုက်ကြတဲ့ စစ်ပွဲမှာ တပ်မဟာဌာနချုပ် တခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တာဟာ “အဓိကအောင်မြင်မှု” ဖြစ်တယ်လို့ ပြောလိုက်ပြီး အိမ်နီးချင်းနိုင်ငံကို ဒရုန်းတွေအသုံးပြု ထိုးစစ်ဆင်တဲ့ အိန္ဒိယလေယာဉ်မှူးတွေရဲ့ သတ္တိကိုလည်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။
“သူတို့က မောင်းသူမဲ့ ဒရုန်းတွေပဲ လွှတ်လိုက်ပြီးတော့ သူတို့ဆီမှာ အရမ်းကောင်းတဲ့ နည်းပညာတွေ ရှိတယ်လို့ ပြောချင်နေတာ ဖြစ်နိုင်တယ်။ ခု ပြောနေတာက လေယာဉ်နဲ့မဆိုင်ဘဲ လေယာဉ်ကို မောင်းနှင်ရမယ့် လေယာဉ်မှူးတယောက်မှာ စိတ်ဓာတ်နဲ့သတ္တိ ဘယ်လောက်ရှိလဲ ဆိုတဲ့ ကိစ္စပါ။”
ပါကစ္စတန်ကလည်း အိန္ဒိယနိုင်ငံဘက်ကို မောင်းသူမဲ့ဒရုန်းတွေ စေလွှတ်တိုက်ခိုက်ခဲ့ပြီး အိန္ဒိယ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ဖျက်ချပစ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ ဂျဲဆယ်လ်မာမြို့မှာ မေ ၈ ရက်က ပေါက်ကွဲသံတွေ ကြားရပြီးတော့ ညကောင်းကင်မှာ မီးတောက်တွေကို မြင်တွေ့ရပြီးနောက်မှာ တမြို့လုံး လုံးဝ မီးပျက်သွားခဲ့ပါတယ်။
အိန္ဒိယဘက် ကက်ရှ်မီးယားဒေသရှိ အူဒ်ဟမ်းပူရ် ပြည်နယ်မှာလည်း ညကောင်းကင်ယံမှာ မီးတောက်တွေကို မြင်ရပြီး ပေါက်ကွဲသံတွေလည်း ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတာကြောင့် လုံခြုံရေးဝန်ထမ်းတွေက မီးတွေပိတ်ပြီး အိမ်ထဲမှာပဲနေကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
Source: Reuters