
တောင်ပေါ် မြေပြန့် ချင်းတမျိုးသားလုံးဆိုင်ရာ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပဖို့ အတွက် မြို့နယ်အလိုက် နှီးနှောဖလှယ်ပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။
[caption id="attachment_70451" align="alignright" width="447"]
ဓာတ်ပုံ - ချင်းတို့ဌာနေ[/caption]
နေရာဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြတဲ့ ချင်းလူငယ်တို့ကြား ဘုံသဘောထား တွေ ထွက်ရှိလာဖို့ လာမယ့် ဒီဇင်ဘာလ ဒုတိယပတ်ကျရင် ချင်းပြည်နယ် မတူပီမြို့မှာ တနိုင်ငံလုံးဆိုင်ရာ ချင်းလူငယ်ဖိုရမ် ၂၀၁၄ ကို ကျင်းပမှာဖြစ်ပြီး အဲဒီမတိုင်ခင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ အရင်ကျင်းပနေတာလို့ ချင်းလူငယ်ဖိုရမ် ဖြစ်မြောက်ရေး အလုပ်အမှုဆောင် မိုင်သင်းယုမွန်က ဒီဗွီဘီကို ပြောပါတယ်။
“မြို့နယ်အသီးသီးမှာ လူငယ်လှုပ်ရှားမှုတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့အသံတွေက အပေါ်ထိကို တက်မလာဘူးပေါ့နော်။ အဲဒါတွေကို စုစည်းဖို့အတွက် ဖြစ်ပါတယ်။ ဒေသအသီးသီးမှာ ချင်းလူငယ်တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ ပြဿ နာတွေ ပေါ့။ ဥပမာ မူးယစ်ဆေးပြဿ နာ၊ အလုပ်လက်မဲ့ပြဿ နာ၊ ဆက်သွယ်ရေးအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးစသဖြင့်ပေါ့နော် အများကြီးရှိပါတယ်။ အဲဒါတွေကို ဆွေးနွေးဖလှယ်ပြီး လူငယ်တွေ စုပေါင်းအဖြေရှာဖို့၊ လူငယ် အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုတွေ ရဖို့နဲ့ ဘုံသဘောထားရပ်တည်ချက်တွေ လိုလားချက်တွေ ချမှတ်နိုင်ဖို့ ဒီဖိုရမ်ကို လုပ်ရတာဖြစ်ပါတယ်ရှင့်။”
၂၀၁၄ ချင်းလူငယ်ဖိုရမ်ခွဲတွေကို ပထမဆုံး ရခိုင်ပြည်နယ် မြေပုံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းက ကျင်းပခဲ့ပြီး မနက်ဖြန် နိုဝင်ဘာ ၁၂ ရက် နေ့မှာတော့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ကျင်းပသွားမယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် မကွေးတိုင်း ပြည်မြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် စသဖြင့် စုစုပေါင်း ၁၀ မြို့နယ်မှာ ဆက်တိုက် ကျင်းပသွားပြီး ကိုယ်စားလှယ် ၁၀ ဦးစီ ပြန်ရွေးချယ်ကာ ၂၀၁၄ ချင်းလူငယ် ဖိုရမ်မှာ ဗဟိုအဆင့်အနေနဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
ပထမဆုံးအကြိမ် ချင်းလူငယ်ဖိုရမ်ကို ၂၀၁၃ ခုနှစ်က ချင်ပြည်နယ် ဟားခါးမှာ တနေရာ တည်းပဲ စုစည်းကျင်းပခဲ့ရာက ဒီနှစ်မှာတော့ အခုလို မြို့နယ်အဆင့်ကနေ စတင် ကျင်းပနေ တာ ဖြစ်ပါတယ်။ ချင်းလူငယ်ဖိုရမ်ဖြစ်မြောက်ရေးအတွက် ရပ်မိရပ်ဖနဲ့ လူမှုအဖွဲ့အစည်း တွေက ပံ့ပိုးကူညီခဲ့ပါတယ်။











