
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့ရတဲ့ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်ပြီဖြစ်ပြီး ခရီးသွားတွေအတွက် ဗဟုသုတ ရနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ငလျင်ဘေးသင့်ဒေသတွေမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေ လေ့လာကြည့်ရှုပြီး ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေနိုင်သလို ငလျင်ဘေးဒဏ်သင့်ဒေသက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို တဖက်တလမ်းက အထောက်အကူပြုကာ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေတွေ တိုးပွားစေနိုင်တယ်လို့လည်း စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ပြည်တွင်းပြည်ပ ခရီးသည်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ စစ်ကောင်စီ ဟိုတယ်ခရီးက ထုတ်ပြန်ထားပေမဲ့ လက်ရှိမှာတော့ ဒေသခံတွေက နောက်ဆက်တွဲ ငလျင်တွေကြောင့် စိုးရိမ်စိတ်တွေနဲ့ နေထိုင်ရတာတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေတုန်းပါ။