
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်နဲ့ တာဝေးပစ် အမြောက်ပစ်လွှတ် စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့တွေ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ရေးက အရေးကြီးတဲ့အကြောင်း အလေးပေး ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
နျူကလီးယား ဒုံးကျည်စနစ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ယုံကြည်စိတ်ချရမှုကို စစ်ဆေးတာလည်း ပါတဲ့ ဒီစမ်းသပ်ချက်မှာ ထိလွယ်ရှလွယ် ဒေသတွင်း စစ်ရေးရာသီဥတုကို တန်ပြန်ဖို့ အမြန်တုံ့ပြန်မှုပုံစံကို သေချာစေရေး ဒီဇိုင်းထုတ်ထားတယ်လို့လည်း KCNA သတင်းဌာနက ပြောပါတယ်။
၆၀၀ မီလီမီတာ ဒုံးကျည်ပစ်လွှတ်စနစ်တွေနဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ဟွာဆောင်-၁၁ တို့ကို စမ်းသပ်ဖို့ တပ်ဆင်ထားတယ်လို့လည်း ပြောပါတယ်။
ကြာသပတေးနေ့က မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည် အများကြီး ပစ်လွှတ်ခဲ့ပြီး တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်မှုလို့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ယူဆရင်း သတင်းထုတ်ပြန်ခဲ့ကြပါတယ်။
ဟွာဆောင်-၁၁ ကို နိုင်ငံတကာမှာ KN-23 လို့ ခေါ်ပါတယ်။ ဒီဒုံးကျည်တွေကို မြောက်ကိုရီးယားက ရုရှားဆီ ထောက်ပံ့ပေးနေပြီး ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားအစိုးရက သုံးခဲ့တယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံ အရာရှိတွေက ပြောခဲ့ကြပါတယ်။
Source: Reuters