
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ဧရာထွန်းရပ်ကွက်မှာရှိတဲ့ ပင်မ ရေနံသိုလှောင်ရုံမှာ နိုဝင်ဘာ ၁၀ရက် နေ့လည် ၂ နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
[caption id="attachment_70445" align="alignright" width="493"]
ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့[/caption]
ဂါလံ ၁၈၀၀ ဆန့်တဲ့ ဆီဘောက်ဆာကားကို ဆီဖြည့်နေစဉ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာရရှိတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတယ်လို့ မီးလောင်တဲ့နေရာမှာ သတင်းရယူနေတဲ့ မန္တလေးအခြေစိုက် ဒီဗွီဘီ သတင်းထောက် အိမ်ခိုင်မြဲက ပြောပါတယ်။
“မီးလောင်တဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးကို ကျနော်တို့ မေးတော့လည်း မပြောဘူး၊ ဆီဖြည့်နေတဲ့အချိန်မှာ ဆီပိုက်ပြုတ်ထွက်သွားလို့ လောင်တဲ့ ပုံစံမျိုးပဲပြောတာ၊ ပြောပုံအရဆိုရင်တော့ ကားစက် နှိုးထားပုံ ရတယ်။ ဆုံးရှုံးမှုတန်ဖိုးကို မေးတော့လည်း တွက်တုန်းလို့ပြောတယ်” လို့ သတင်းထောက် အိမ်ခိုင်မြဲက ပြောပါတယ်။
ဒီသတင်းကို အတည်ပြုချက်ရယူဖို့ မန္တလေး ဗဟို မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်ရာမှာ တော့ တယ်လီဖုန်းကနေ တဆင့် ဖြေဆိုဖို့ ငြင်းဆန်သွားပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ မီးလောင်လို့ လူ ၅ ဦး ဒဏ်ရာရရှိပြီး ၁ ဦး စိုးရိမ်ရတယ်လို့ ရေးသားထားပါတယ်။











