DVB Logo
Home
မြန်မာသတင်း
ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ
DVB
·
May 8, 2025
ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ
Donate to DVB

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိနေပြီး အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေကို ကွပ်ကဲဖို့ဖြစ်နိုင်တယ်လို့ ဒေသ PDF တွေက ပြောပါတယ်။

မေ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိလာတယ်လို့ မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ခရီးစဉ်ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေမဲ့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်နေတဲ့ အကြီးစားပြင်ဆင်မှုတွေကို ကွပ်ကဲဖို့နဲ့ စစ်တက္ကသိုလ်တွေကို ဗျူဟာတကျကွပ်ကဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်ကို မနေ့ကညနေ ၃ နာရီကျော်ကျော်လောက်မှာ စိုးဝင်းရောက်နေတယ်။ နောက် မအလ ဆက်ရောက်ဖို့ရှိတယ်။ ဘယ်နေ့ရောက်မလဲမသိဘူး။ ရုရှားအပြန်မှ ရောက်မလားတော့ မသိဘူး။ ပြင်ဦးလွင်ကို ဘာလုပ်ဖို့လာလဲဆိုတော့ အဲဒီဟာကို အကြောင်းရင်းမသိရဘူး။ သိတာက ၄ ရက်နေ့ကတည်းက သိနေတာ၊ ဒီကောင်လာမယ်ဆိုရင် အဲဒီမှာ ကြိုတင်ပြင်ဆင်တာတွေ ရှိနေတယ်လေ။ အနီးစခန်းမှာ သူတို့ လေယာဉ်ထားတဲ့နေရာတွေဆောက်နေတယ်ဗျ။ အဆောက်အဦတွေ၊ လေယာဉ်ကွင်းကို တိုးချဲ့တည်ဆောက်တဲ့သဘော ရှိတယ်။ အဲဒါကြာပြီ၊ ငလျင်ဖြစ်ပြီးကတည်းကလေ၊​ အနီးစခန်းလေယာဉ်ကွင်းမှာ။ ငလျင်ပြန်လည်ထူထောင်ရေးလို့ ခေါင်းစဉ်တပ်ပြီးတော့ အနီးစခန်းမှာ အကြီးအကျယ်လုပ်တာလေ၊ တံတားဦးလေဆိပ်နဲ့အပြိုင် တည်ဆောက်တာပဲ။ ဒီ ဧပြီလ ၄ ရက် ၅ ရက်လောက်ကတည်းကပဲ။ ၆ ရက်နေ့ ညနေ ၃ နာရီခွဲမှာတော့ နန်းတွင်းထဲကို ကားအစီး ၃၀ ဝင်တာရှိတယ်။ အဲဒါက အလက်မပါဘူး။ ၂၇ စီးက အင်အားပြည့်၊ ၃ စီးက ပစ္စည်းတွေ၊ အဲဒီဟာတွေက ငလျင်ကယ်ဆယ်ရေးတွေမှာ ပြန်ပြီး နေရာချထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ယုံလို့မရဘူး။ ကျန်တဲ့နေရာတွေကိုလည်း အင်အားပို့ချင်ပို့မှာပဲ၊ ဘယ်တွေပို့လဲဆိုတာ ဆက်လိုက်လို့မရဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေကို မေ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မေ ၈ ရက် မနက်အစောပိုင်းကတည်းက မတ္တရာမြို့နယ်အတွင်းမှာ မြေပြင်ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဦးတိုးက “ဒီနေ့မနက် ၆ နာရီ ၅၀၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ဘိုကုန်းရွာ၊ တိုက်ပွဲပြင်းထန်၊ Y12 နဲ့ ဗုံးသီးလာချတာ ၂၅ လုံး၊ ဂျက်ဖိုက်တာနဲ့က ၄ လုံးရှိပြီတဲ့၊ အခု ဝဲနေတုန်း၊ အောက်မှာ ဆော်နေတယ်တဲ့။  (--) တွေက အဲဒီမှာ အစောကြီးကတည်းက ရှိတယ်လေ၊ ဆီတိုင်းကန်တို့ ကျောက်တံတားတို့၊ မတ္တရာမြို့ထဲမှာ ရှိတယ်လေ။ အင်အားဖြည့်ထားတာတောင် ၃ ရက်လောက် ရှိပြီမှတ်တယ်၊ အခု ဒီနေ့ဖြစ်နေပြီနော်၊ လက်ရှိဖြစ်နေဆဲ” လို့ ပြောပါတယ်။

မေ ၇ ရက် ညပိုင်းက စဉ့်ကူးမြို့နယ်၊ ကြို့ပင်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မေ ၆ ရက်တုန်းက ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ-သရက်ကိုင်း စစ်ကောင်စီအထိုင်စခန်းတွေက  မတ္တရာမြို့နယ်အရှေ့ခြမ်း လမိုင်းရွာနဲ့ မကျီးကုန်းရွာအကြားက ဆပ်ပြာကျင်းအရပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့ပါတယ်။

မေ ၆ ရက်မှာပဲ တောင်သာမြို့နယ်ထဲက သဘင်ကန်ရွာနဲ့ ဇရပ်ကြီးရွာတွေကို ပါရာမော်တာ ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၈၀ ကျော် သက်ကြီးအမျိုးသမီးတယောက် ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပါတယ်။

မေ ၆ ရက်နေ့မှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မလယ်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ ဒီထက်ပိုများနိုင်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013