
မြောက်ကိုရီးယားဟာ မေ ၈ ရက်က ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ပြီးနောက်မှာ ဂျပန်နိုင်ငံက မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ပျံသန်းသွားတာဖြစ်နိုင်ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာ ဟာယာရှိက ပြောပါတယ်။
“မြောက်ကိုရီးယားဟာ ဒီနေ့မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ သူ့နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ အရှေ့မြောက်ဘက်ကို ပဲ့ထိန်းဒုံးကျည် အများအပြားကို ဦးတည်ပစ်လွှတ်ခဲ့ကြောင်းနဲ့ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုမှာ အသေးစိတ် အချက်အလက်တွေကို လေ့လာဆန်းစစ်နေတယ်” လို့ ဟာယာရှိက သတင်းထောက်တွေကို ပြောပါတယ်။
မနက် ၉ နာရီ မိနစ် ၂၀ လောက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တစင်းကတော့ အကွာအဝေး ၈၀၀ ကီလိုမီတာ (၄၉၇ မိုင်) လောက် ပျံသန်းနိုင်ခဲ့ပြီး အမြင့်ဆုံး အမြင့်ပေက ၁၀၀ ကီလိုမီတာ (၆၂ မိုင်) လောက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် ဂျပန်ပင်လယ်မှာ ကျရောက်ခဲ့ပြီး ဒီဒုံးကျည်ဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်ကို ပျံသန်းသွားတာဖြစ်နိုင်ပြီး အဲဒါကိုတော့ ဆန်းစစ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ပဲ့ထိန်းဒုံးကျည်တွေကို အကြိမ်ကြိမ်ပစ်လွှတ်မှု အပါအဝင် ဂျပန်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတယ်လို့ ဂျပန် ကက်ဘိနက် အတွင်းရေးမှူး ဟာယာရှိက ပြောပါတယ်။
ဒီလို ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခြင်းဟာ သက်ဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချိုးဖောက်တာဖြစ်ပြီးတော့ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆိုးဆိုးရွားရွား ပြဿနာတရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်နိုင်ငံဟာ ပေကျင်းမြို့ရှိ သံရုံးလမ်းကြောင်းတွေကတဆင့် ဒီပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်လို့ ဟာယာရှိက ပြောသွားပါတယ်။
Source: Reuters