
တနင်္သာရီတိုင်းထဲက ထုံခါ-မောတောင်ကားလမ်းပိုင်းမှာ ၄ လတာအတွင်း စစ်ကောင်စီဘက်က တပ်သား ၁၂ ယောက် တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ထွက်ပြေးလာတဲ့ တပ်သားတွေဟာ စစ်ကောင်စီရဲ့ ခမရ ၄၃၁ တပ်ရင်းက ၃ ယောက်၊ ခမရ ၂၈၀ တပ်ရင်းက ၃ ယောက်နဲ့ ခလရ ၁၇ တပ်ရင်းက ၆ ယောက်ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းမဟာမိတ်စစ်ကြောင်း BLACK COBRA ထံ ဘက်ပြောင်းလာတာလို့ ဆိုပါတယ်။
အဆိုပါ တပ်သား ၁၂ ယောက်ဟာ ရှေ့တန်းတိုက်ပွဲတွေကနေ လက်နက်တွေနဲ့တကွ ထွက်ပြေးလာတာဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဘက်က လက်ခံကြိုဆိုခဲ့တယ်လို့ ကော်သူးလေတပ်မတော် (KTLA) ထီးဆဲမဲ့ရွာတပ်ရင်းရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။
“ဆက်သွယ်ရေးအနေအထားအရ အောက်ခြေမှာ ၁၂ ဦး ဝင်လာတယ်လို့ပဲ အကြမ်းဖျင်း သိထားတယ်။ ဒါပေမဲ့ ကျနော်တို့ မူအရ ဘယ်နည်းနဲ့မဆို တော်လှန်ရေးအဖွဲ့တွေနဲ့ လာပူးပေါင်းတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို အတင်းအဓမ္မစုဆောင်းခံရသူ ဒါမှမဟုတ် ကိုယ့်ဆန္ဒအရ စစ်တပ်ထဲ ဝင်ခဲ့တဲ့ လူသစ် လူဟောင်းဆိုရင်လည်း ကျနော်တို့ထံ ခိုလှုံလာပြီဆိုရင် နွေးထွေးစွာ ကြိုဆိုနေပါတယ်။”
ထွက်ပြေးလာတဲ့ တပ်သားတွေဟာ MA-1 သေနတ် ၉ လက်၊ MA-2 ၂ လက်နဲ့ လက်ပစ်ဗုံး ၆ လုံးတို့ ပါလာတာကြောင့် ဆုငွေအသီးသီးချီးမြင့်ခဲ့ပြီး သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး ထုံခါ-မောတောင်လမ်းပိုင်းက သိန်ခွန်းရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ထပ်ဖြစ်ပွားတာမရှိသေးဘဲ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီက တခါတရံ လက်နက်ကြီးတွေ ပစ်ခတ်ပြီး လေကြောင်းပျံသန်းတာတွေနဲ့ ကားလမ်းပိုင်းကို ထိန်းချုပ်နိင်ဖို့ စစ်အင်အားထပ်ဖြည့်တင်းနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။