စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို မေ ၇ ရက် မနက် ၉ နာရီခွဲမှာ လေယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ရှမ်းထူးရွာဟာ စစ်ကောင်စီတပ်သားတွေ အမြဲတမ်း ဝင်ထွက်သွားလာပြီး ရွာသားတွေရဲ့ နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့လေ့ရှိတယ်လို့လည်း သိရပါတယ်။
ချောင်းဦးဒေသခံ ရွာသားတယောက်က “လေယာဉ်ကတော့ ရွာရဲ့ တောင်ဘက်ကနေ တက်လာပြီး ရွာရဲမြောက်ပိုင်းကို တလုံး၊ ရွာအလယ်ပိုင်းကို တလုံး၊ ရွာတောင်ပိုင်းကို တလုံး စုစုပေါင်း ၃ လုံး ချသွားတယ်။ အဲလိုချသွားလို့ နွားတကောင်သေတယ်။ အိမ်တွေကတော့ စစ်တပ်က လာမီးရှို့လိုက်၊ လေယာဉ်နဲ့ ဗုံးလာကြဲလိုက်နဲ့ အိမ်တွေကတော့ မရှိတော့ပါဘူးဗျာ။ လူတွေကတော့ ရွာထဲမှာ မနေကြတာ ကြာနေပြီ။ ကျေးရွာအနီးအနားက ကျေးရွာတွေဆီနဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာ သွားနေကြရတယ်။ အဲဒါကြောင့် လူထိခိုက်တာ မရှိခဲ့ဘူး။ ရွာတောင်ဖျားကျတဲ့ ဗုံးသီးက ပဲခင်းထဲကျလို့ တဧကလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ရှမ်းထူးရွာဟာ စစ်တပ်စခန်းချနေထိုင်ပြီး စစ်တပ်ထောက်ခံတဲ့ ကင်းမွန်းတော်ရွာရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ဒေသခံ ပြည်သူကာကွယ်ရေး ရဲဘော်တယောက်က “သူတို့ ဘာသတင်းရလို့တော့ မသိဘူး။ ကျနော်တို့ဘက်ကတော့ ဘာလှုပ်ရှားမှုမှ မလုပ်ဘဲနဲ့ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာဗျ။ လူအသေအပျောက်တော့ မရှိပါဘူး။ ကင်းမွန်းတော်က ပျူတွေနဲ့ စစ်(-)တွေက ကြောက်လန့်ပြီး သတင်းအမှားပေးပြီး လေယာဉ်နဲ့ ဗုံးကြဲခိုင်းတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း သွားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေယာဉ်နဲ့ ဗုံးကြဲချပြီး မြေပြင်စစ်သားအင်အား တိုးချဲ့ချထားမှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။