DVB Logo
Home
မြန်မာသတင်း
၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်း‌
DVB
·
May 8, 2025
၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်း‌
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တွေ ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်း‌နေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းကို လေ့လာစောင့်ကြည့်နေတဲ့ ဒေသခံနဲ့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ ဒေသခံ အမျိုးသား တယောက်က “TNLA ကို ဖိအားပိုပေးလာမယ်။ လောလောဆယ် ခေါင်းဆောင်တွေက ဝ ပြည်နယ်ထဲမှာပါ။ တရုတ်ရဲ့ စီးပွားရေး သိသိသာသာပဲ ထိုးကျလာလို့ မြေရှားသတ္တုနဲ့ ဒေသတွင်း ကုန်သွယ်ရေး ပိုပွင့်အောင် မူဆယ်-မန္တလေးလမ်းက အဓိကပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေး လျော့ကျလာတဲ့ တရုတ်အနေနဲ့ ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကို အမြန်ဖွင့်လှစ်နိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်လာနေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ပို့ကုန် မြေရှားသတ္တုရဲ့ ၅၆ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကနေ ရရှိတာဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့မြေရှားသတ္တု တင်ပို့မှုဟာ သိသိသာသာ လျော့ကျနေဆဲဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ဇွန်လမတိုင်ခင် ၂၀၀၈ ခြေ/ဥနဲ့ ကိုင်ပေါက်ပြီး စစ်ကောင်စီက တရုတ်ကို ညှိခိုင်းတယ်။ တရုတ်ဘက်က ကုန်သွယ်ရေးလမ်းကြောင်း မရမက ရအောင် ပြန်ဖွင့်ဖို့အတွက် လားရှိုးတင် မဟုတ်ဘူး၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တွေ ပြန်ရအောင် ညှိတဲ့သဘောပါ” လို့ သူက ရှင်းပြပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ တိုက်ယူထားတဲ့ မူဆယ်-မန္တလေးကြားက မြို့တွေကနေ အရင် မူလနေရာအထိ ပြန်ဆုတ်ရမယ်လို့ ဆိုပါတယ်။

ကြူကုတ် (ပန်ဆိုင်း) မြို့နယ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တာဝန်ရှိသူတယောက်က “ဒီ ကြူကုတ် (ပန်ဆိုင်း) တရုတ်အဝင် နယ်စပ်ဂိတ်မှာ ဧပြီလ ၂၉ ရက်နေ့က မြန်မာအလံ ပြန်လွှင့်ထားပြီ။ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးပိုင်းတွေ ဝင်လာမယ်လို့ ကြားသိရတယ်။ ဒါပေမဲ့ လွယ်လွယ်လေးနဲ့တော့ မဖြစ်လောက်ဘူးထင်တယ်” လို့ ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် ဖွင့်ဖို့နဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ဘာမှမကြားသေးဘူးလို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

“ချင်းရွှေဟော်ပဲ ဖြစ်ဖို့ အလားအလာများမယ် ထင်တယ် ပုံစံက။ ချင်းရွေဟော် ဟိုဘက်ကျတော့ အဖွဲ့အစည်းအခွန်က နည်းနည်းသက်သာတယ်လေ။ အခုက တွဲကားလည်း သွားလို့ရပြီဆိုတော့။”

အခု မေလထဲမှာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အရင်အတိုင်း ပြန်လည်သက်ဝင် လှုပ်ရှားလာတော့မယ်လို့ သတင်းထွက်နေကြောင်း နယ်စပ်ကုန်သွယ်ရေးနဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၈ နဲ့ ၂၉ ရက်တွေမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ထပ်မံတွေ့ဆုံမှုမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့တွေကနေ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းအထိ ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုရာမှာ TNLA ဘက်က သဘောမတူတာကြောင့် နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှု ထပ်မတိုးနိုင်ဘဲ လာမယ့်ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ရှိမှ မြန်မာနိုင်ငံကို လိုချင်တဲ့ပုံစံ သွင်းလို့ရမှာကြောင့် တရုတ်ရဲ့ မြန်မာအပေါ် ထားရှိတဲ့ သဘောထားက စစ်ခေါင်းဆောင် ပြုတ်ကျမှာကို မလိုလားဆုံးဘဲ ဖြစ်တယ် ဆိုတာကို တွေ့ရကြောင်း နယ်စပ် ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013