ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ ပူးပေါင်း PNO ပြည်သူ့စစ်တို့နဲ့ တော်လှန်ရေးအင်အားစုတို့ မေ ၅ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံးလောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ပြီးတဲ့နောက် စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တယောက်က ပြောပါတယ်။
“ဒီကောင်တွေ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာ၊ ထိတွေ့မှုကတော့ တိုက်ပွဲ ၄၊ ၅ နာရီလောက် ဖြစ်ခဲ့တယ်။ ဒီရက် (မေလ ၇ ရက်) ကတော့ ရေပူကို မကြဲဘူး။ ညောင်ရွှေမြို့နယ်က လွယ်လုံဘက်မှာ ၃ ကြိမ် ဖိုက်တာနဲ့ ကြဲသွားတာမျိုးရှိတယ်။”
ခုလက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက အင်အားတိုးပြီး မကြာခဏ စစ်ကြောင်းထိုးကာ စစ်ပြင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဘီလူးချောင်း အရှေ့ဘက်ခြမ်းက နန်းတုတ်ကျေးရွာနဲ့ ကုန်းသာကျေးရွာကို လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တာကြောင့် နေအိမ်နဲ့ ခန်းမဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။