Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် ငလျင်ထပ်လှုပ်၊ ရန်ကုန်မြို့ခံများ ထိတ်လန့်လမ်းပေါ် ပြေးထွက်
DVB
·
May 7, 2025

ရန်ကုန်မြို့မှာ မေ ၆ ရက် ညပိုင်းက ငလျင် ၂ ကြိမ် သိသိသာသာလှုပ်ခတ်ခဲ့တာကြောင့် မြို့ခံတွေ ထိတ်လန့်ပြီး အထက်မြင့်တိုက်ခန်းနေပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး လမ်းမတွေပေါ် ပြေးဆင်းခဲ့ကြပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မှာရှိတဲ့ မြို့နယ်တော်တော်များများမှာ သိသိသာသာခံစားခဲ့ကြ ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေတချို့ကတော့  အိမ်ပေါ်ပြန် မတက်ရဲကြဘဲ လမ်းမတွေပေါ်မှာ ညနက်တဲ့အထိ နေကြတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ 

မေ ၆ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်လောက်မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး  ရစ်ချ်တာစကေး ၃ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုနဲ့  ည ၉ နာရီ မိနစ် ၄၀ မှာ  ရစ်ချ်တာစကေး ၂ ဒသမ ၉ ရှိ မြေငလျင်ငယ်တခု လှုပ်ခတ်ခဲ့တာလို့ NUG  လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း ည ၁၀ နာရီ ၅၅ မိနစ် ၃၆ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၆ မိုင်လောက် ကွာဝေးတဲ့ လှည်းကူးမြို့ တောင်-အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းမှာလည်း ညသန်းခေါင်ကျော်  မေ ၇ ရက်   မနက် ၁ နာရီ ၂၆ မိနစ် ၂၆ စက္ကန့်အချိန်လောက်မှာ   မန္တလေးမြို့ရဲ့  အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ၊ အနက် ၁၅ မီတာကို  ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး   ၃ ဒသမ ၈ ရှိမြေငလျင်လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

NUG  လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မေ ၇ ရက်၊ မြန်မာစံတော်ချိန် မနက် ၁ နာရီ ၂၇ မိနစ်လောက်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ၄ ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်က  စစ်ကိုင်းကိုဗဟိုပြုခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့်  ထိခိုက်သေဆုံးမှု များခဲ့လို့ ငလျင်နဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေလည်း လူထုကြားမြင့်တက်ခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့ အညီ နေထိုင်ကြဖို့ NUG က အသိပေးကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024