DVB Logo
Home
မြန်မာသတင်း
လေဆိပ်တွင် ခရီးသည်ဝန်ဆောင်မှုအခွန် တိုးကောက် 
DVB
·
May 6, 2025
လေဆိပ်တွင် ခရီးသည်ဝန်ဆောင်မှုအခွန် တိုးကောက် 
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ်တွေရဲ့ ခရီးသည်ဝန်ဆောင်မှုစရိတ်အတွက်အခွန်ကို PSC ( Passengers Services Charges) tax ကို အရင် ဒေါ်လာ ၂၀ သတ်မှတ်ထားရာကနေ အခု ဧပြီ ၂၃ ရက်နောက်ပိုင်း လေယာဉ်လက်မှတ်ဖြတ်ထားတဲ့သူတွေက ထပ်ဆောင်း ၅ ဒေါ်လာကို လေဆိပ်မှာ ပေးဆောင်ရမယ်လို့ ပြည်ပခရီးသွားလုပ်ငန်း အေဂျင်စီတွေနဲ့ လေကြောင်းလိုင်းတွေက ထုတ်ပြန်ကြေညာနေပါတယ်။

ဧပြီ ၂၃ ရက်ကနေ မေလ ၁၂ အတွင်းဝယ်ယူထားတဲ့ လေယာဉ်လက်မှတ်တွေအတွက်ကတော့ လေဆိပ်မှာ မြန်မာငွေနဲ့သော်လည်းကောင်း ဒေါ်လာနဲ့သော်လည်းကောင်း လေဆိပ် CHECK IN ကောင်တာဖြတ်အပြီး လဝကကောင်တာမှာ ပေးဆောင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က “အခု ဒီမေလ ၁၂ ရက်နေ့မတိုင်ခင် ဖြတ်ထားတဲ့လက်မှတ်တွေ အကုန်လုံးက လေဆိပ်ရောက်ရင် ၅ ဒေါ်လာ ထပ်ပေးရမယ်။ မေလ ၁၂ ရက်နောက်ပိုင်း လက်မှတ်တွေအကုန်လုံးကတော့ ၂၅ ဒေါ်လာဖြတ်မယ်။ ဒါပေမဲ့ အဲဒီ ၂၅ ဒေါ်လာက လက်မှတ်ထဲက ဖြတ်သွားမှာပေါ့။ လေယာဉ်လက်မှတ်ခမှာ ဈေးတက်နိုင်လားဆိုတော့ အရင်တုန်းက ကျမတို့ လေယာဉ်လက်မှတ်ရောင်းရင် tax က Passengers Services Charges ဆို ၅ ဒေါ်လာ ၁၀ ဒေါ်လာဆိုပြီး ဖြတ်ထားပြီးသားပေါ့။ အခုမှ ထပ်တိုးလိုက်တဲ့သဘောပေါ့” လို့ ပြောပါတယ်။

မေ ၁၂ ရက်နောက်ပိုင်းပြည်ပခရီးစဉ်တွေအတွက် လက်မှတ်ဖြတ်တဲ့အခါ တပါတည်း ၂၅ ဒေါ်လာထည့်သွင်း ကောက်ယူသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အခုမေလ ၁၂ ရက်မတိုင်ခင်မှာ လက်မှတ်ဖြတ်ထားတဲ့ သူတွေအတွက်က လေဆိပ်မှာ ထပ်ဆောင်း ၅ ဒေါ်လာပေးဆောင်ခိုင်းတာ အလုပ်ပိုရှုပ်ကြောင်းနဲ့ ဝန်ဆောင်ခ အခွန်တိုးကောက်ရင် ဝန်ဆောင်မှုတွေ တိုးလာဖို့ မျှော်လင့်ကြောင်း မိဘဖြစ်သူတွေအတွက် ပြည်ပခရီးစဉ် လက်မှတ်ဝယ်ယူထားသူ တယောက်က ပြောပါတယ်။

“ကျမအဖေဆို ဒီဇွန်လထဲမှာ ဆေးစစ်ဖို့ ဒီမေလ ၁ ရက်နေ့မှာ လက်မှတ်ဝယ်ထားလိုက်တာ။ သူတို့ ပိုပြီးကောက်ခံမယ်ဆိုတဲ့ ရက်ထဲဝင်သွားတာပေါ့ အဲဒီတော့ လေဆိပ်ရောက်ရင် ၅ ဒေါ်လာ ဒါမှမဟုတ်ရင် မြန်မာငွေနဲ့ပေးရမယ်။ အဲဒီတော့ လူကြီးတွေက အလုပ်ရှုပ်တယ်ပေါ့ ဘယ် exchange rate နဲ့ ပေးရမှာလဲ သူတို့သတ်မှတ်ထားတာလဲ မရှိဘဲ အခု အစ်မတို့ကြားသိရတာကတော့ သူတို့ပုံမှန် exchange rate နဲ့ဆိုရင်တော့ တသောင်းခွဲကျော်လောက်ပဲကျမယ်။ ဒါပေမဲ့ အခုကြားတာတောင်းချင်သလို တောင်းတယ်လို့ကြား သိနေရတယ်။ လူကြီးတွေအတွက် လေဆိပ်ရောက်မှ ထုတ်ရ လုပ်ရတယ်ဆိုတော့ အလုပ်ရှုပ်တာပေါ့။ Passengers Services Charges ကို တိုးကောက်တယ်ဆိုတော့ ဘယ်လိုဝန်ဆောင်မှုတွေ ထပ်တိုးမလဲ ဆိုတာပဲကျမအနေနဲ့ မေးချင်တယ်။”

အရင်က ကောက်ခံနေတဲ့ ပြည်ပခရီးစဉ်လက်မှတ်အတွက် အမေရိကန်ဒေါ်လာ ၂၀ ကနေ ကနေ ၂၅ ဒေါ်လာ ကို တိုးမြှင့်လိုက်ပြီး ပြည်တွင်းအတွက်ခရီးစဉ်လက်မှတ်တွေကိုတော့ မြန်မာငွေ  ကျပ် ၃၀၀၀ ကနေ  ၁၅၀၀၀  တိုးမြင့် ကောက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်းခရီးစဉ်မှာ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်အတွက်သာ ကျပ် ၁၅၀၀၀ ကို တိုးမြှင့်ကောက်ခံမှာဖြစ်ပြီး တခြားပြည်တွင်းဆိုက်ရောက်မြို့တွေအတွက်က ကျပ် ၅၀၀၀ ပေးဆောင်ရမှာဖြစ်ကြောင်း MAI (Myanmar Airway International) လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013