Home
နိုင်ငံတကာ
ဆူဒန် ဆိပ်ကမ်းမြို့တွင် ပေါက်ကွဲမီးလောင်
DVB
·
May 6, 2025
Photo :Reuters

ဆူဒန်နိုင်ငံ ပို့ထ်ဆူဒန်ဆိပ်ကမ်းမှာ မေ ၆ ရက် အစောပိုင်းက ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေ အများအပြားကို မြင်တွေ့ကြားသိခဲ့ရတယ်လို့ မျက်မြင်သက်သေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

နေရာအတိအကျနဲ့ အကြောင်းရင်းတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ပြည်တွင်းစစ် ငြိမ်သက်နေတဲ့မြို့ကို ၃ ရက်မြောက် လှုပ်ခတ်သွားစေခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော အိုးအိမ်မဲ့ ဒုက္ခသည်တွေရဲ့ ခိုလှုံရာ အဓိက ရေကြောင်း ဆိပ်ကမ်း အနီးတဝိုက်မှာ မီးခိုးတွေ မည်းမှောင်နေပါတယ်။

ဆူဒန် အရန်တပ်ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF)က ပစ်လွှတ်လိုက်တဲ့ တိုက်ခိုက်ရေး ဒရုန်းတွေက လောင်စာဆီသိုလှောင်ရုံနဲ့ တခြားပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဆိပ်ကမ်းမြို့မှာ နေထိုင်သူတွေက သတင်းပေးတဲ့အကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ သတင်းထောက် ဟီဘာ မော်ဂံက ဆူဒန်မြို့တော် ခါတွန်မ်ကနေ ပြောခဲ့ပါတယ်။

မြို့ခံတွေရဲ့ ပြောကြားချက်အရတော့ ဒါဟာ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုလို့ သူတို့ ယုံကြည်ကြပါတယ်။

“သူတို့ဟာ မြို့တော်တွင်းသာမက ဆိပ်ကမ်းနဲ့ လေတပ်စခန်း တဝိုက်ကိုရော လောင်စာဆီ သိုလှောင်ရုံကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” လို့ မော်ဂံက ပြောပါတယ်။

ဆူဒန်စစ်တပ်နဲ့ RSF အကြား ပဋိပက္ခဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို ဖန်တီးခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အေဂျင်စီတွေအပြင် စစ်တပ်နဲ့ မိတ်ဖက် အစိုးရ၀န်ကြီးဌာနတွေ ရုံးစိုက်ရာ ဆူဒန်ဆိပ်ကမ်းမှာ အခုနောက်ဆုံးတိုက်ခိုက်မှုတွေကြောင့် အခြေအနေ ပိုဆိုးလာနေပါတယ်။

ပင်လယ်နီ ကမ်းရိုးတန်းမြို့ကို အခုသီတင်းပတ်အထိ မြေပြင်ရော ဝေဟင်ကပါ မတိုက်ခိုက်ရသေးဘဲ မေ ၄ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ သိသိသာသာ ပြင်းထန်လာနေတာကို ပြနေပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024