
ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲဆည်မြောင်းနဲ့ ဘီလူးချောင်းမှာ မေလထဲ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးနေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
မေ ၁ ရက်လောက်ကစပြီး ငါးတွေ မသေဆုံးသေးဘဲ ရေပေါ် ပေါလောပေါ်တာ၊ မူးဝေတာတွေကို ဒေသခံတွေက ဆယ်ယူစားသုံးတာတွေ ရှိနေပြီး ပြန်လည်ရောင်းချတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အစောပိုင်းက လယ်ယာလုပ်တဲ့ စစ်ရှောင်တချို့က ငါးကို ဆယ်ယူစားသောက်ကြတယ်။ တဖြည်းဖြည်း သုံးလေးရက်ကြာတော့ ငါးတွေ ပိုသေလာကြတာပေါ့နော်။ မူးဝေတာမဟုတ်တော့ဘဲ နောက်တဆင့် မူးပြီး သေတာမျိုးပေါ့။ တချောင်းလုံးနီးပါး ဖြစ်တာပေါ့နော် သေတာက။ ဒီ ၁ ရက် ၂ ရက်လောက်မှာ ငါးတွေ ပိုသေတာများတာပေါ့” လို့ ပြောပါတယ်။
ဒေသခံတွေနဲ့ စစ်ရှောင်တချို့က ငါးသေဆုံးရတာတွေက စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့ပါတဲ့ ဗုံးသီးက ရေထဲ ကျရောက်ပေါက်ကွဲတာကြောင့်လို့ ပြောဆိုတာရှိနေပြီး တချို့က စစ်ကောင်စီတပ်က အဆိပ်ခတ်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။
“ဘီလူးချောင်းက ရေစီးလည်းသန်တော့ ငါးတွေသေတာ အတွေ့နည်းတယ်။ ခု အဖြစ်များတာက ဆည်မြောင်းမှာပေါ့၊ ဆည်မြောင်းဆိုတာက ဘီလူးချောင်းနဲ့ ကပ်လျက် အပေါ်နဲ့အောက်ပေါ့။”
ငါးတွေ သေဆုံးမှု များပြားတာကြောင့် ဆည်မြောင်းရေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေနဲ့ ငါးရောင်းငါးဝယ် ပြုလုပ်နေသူတွေ သတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။