
ကသာအကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကိုဟိဏ်းမင်းသူ (ခ) အာနိုးဟာ အကျဉ်းကျနေစဉ် အတက် ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကသာထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် ဧပြီ ၂၆ ရက်မှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။
PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အင်းတော်-ကသာက တိုက်ပွဲတွေဖြစ်နေပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မိသားစုနဲ့တော့ အဆက်အသွယ်မရနိုင်ဘူးလို့ သုံးသပ်မိတယ်။ ဒါပေမဲ့ သူသတိလစ်မေ့မြောသွားတဲ့အခါမှ ပြင်ပဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်၊ ဆေးရုံမှာ သတိလစ်မေ့မြောစွာ ရက်ပိုင်းနေထိုင်ပြီးတော့မှ ကျဆုံးသွားတာပါ”လို့ DVB ကိုပြောပါတယ်။
ကိုဟိဏ်းမင်းသူ ကသာမြို့က CDM ကျောင်းဆရာ တယောက်ဖြစ်ပြီး နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတယောက်လည်း ဖြစ်ပါတယ်။
သူ့ကို ၂၀၂၃ ခုနှစ်ဇွန် ၅ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ ပုဒ်မ ၅၀(ည)၊ ၅၂(က) ၊ ၅၂(ခ)တို့နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ခံရတာတွေ၊ အာဟာရထောက်ပံ့မှုလျော့နည်းတာတွေ၊ သောက်သုံးရေ မလုံလောက်တာတွေ ကြုံတွေ့နေရပြီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
PPNM က စာရင်းစတင်ကောက်ယူခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဝက်လောက်ကနေ ခုလက်ရှိအချိန်အထိ ဆေးဝါးမလုံလောက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား အယောက် ၅၀ ကျော်ထိရှိနေတယ်လို့ သိရပါတယ်။